ဧရာ၀တီတိုင်းမ်
မတ်လ ၁၇ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်လာသည့် အကျဉ်းသားများအနေဖြင့် ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့သို့ ဆက်သွယ်လာပါက အစွမ်းကုန်ကူညီ စောင့်ရှောက်သွားမည်ဟု Joe Phyu Revolution Force က ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်လေးလုံး အကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးရန် ကြိုးစားစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုသို့ ပစ်ခတ်ဖမ်းဆီးစဉ် အကျဉ်သား တစ်ဦးသေဆုံး၍ နှစ်ဦးကို ဒဏ်ရာများ ဖြင့်ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး ၁၀ ဦး လွတ်မြောက်ခဲ့ရာ ယင်း ၁၀ ဦးမှာ နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း သိရသည်။
“လွတ်လာတဲ့သူတွေ ဆက်သွယ်လာရင် ကျွန်တော်တို့ သေချာစိစစ်ပြီး ကူမှာပါ။ Page ကနေတစ်ဆင့် လာရောက်ဆက်သွယ်ပါ။ ပြည်သူများကလည်း ကူညီပေးပါ။ လွတ်မြောက်နယ်မြေကိုရောက်သည်အထိ ပို့ဆောင်ပေးနိုင်တာကြောင့် အချိန်မရွေး ဆက်သွယ်ပါ”ဟု ချိုးဖြူတပ်ဖွဲ့ပြန်ကြားရေး တာ၀န်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လွတ်မြောက်လာသူများကို ဘေးကင်းလုံခြုံသည့် နေရာမှတစ်ဆင့် လွတ်မြောက် နယ်မြေသို့ ပို့ဆောင် ပေးနိုင်သည်ဖြစ်၍ လာရောက်သွယ်ရန် ဖိတ်ခေါ်ထားပြီး လွတ်မြောက်လာသူ ၁၀ ဦး ဟုဆိုသော်လည်း အတိအကျ မသိရှိ၍ သေချာစွာစိစစ် ကူညီ သွားမည်ဟု Joe Phyu Revolution Force က ဆိုထားသည်။
အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီမှ အပူတပြင်း လိုက်လံရှာဖွေနေပြီး ကူညီပေးသူများအား ဖမ်းဆီးအရေးယူမှုများပြုလုပ်မည်ဟု ခြိမ်း ခြောက်ပြောဆိုမှုများရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ထွက်ပြေးရန်ကြိုးစားစဉ် ပစ်သတ်ခံခဲ့ရသူနှင့် ပြန်လည်ဖမ်းဆီးခံခဲ့ရသူများအပါအ၀င် ထွက်ပြေး လွတ်မြောက်သွားကြသူများသည် စစ်ကောင်စီတပ်မှ မတရားဖမ်းဆီး ထားသည့် ဆန္ဒပြလူငယ်များနှင့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။
#ရှမ်းပြည်နယ်တောင်ပိုင်း #ညောင်ရွှေ #တောင်လေးလုံးအကျဉ်းထောင် #ထွက်ပြေးလွတ်မြောက် #နိုင်ငံရေးအကျဉ်းသား #ချိုးဖြူPDF #ကူညီ #Ayeyarwaddy_Times