ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံ အကွက် ၁၃ တွင် အဝတ်ဗလာနှင့် သတိလစ် မေ့မျောနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် မသန္တာဝင်း သည် စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ မွန်းလွဲ ၂နာရီကျော်က သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးငယ်သည် မတ်လ၁၅ ရက်နေ့ ၊ ညနေပိုင်းတွင် နေအိမ်မှ ပျောက်ဆုံး သွားခဲ့ပြီးနောက် မတ်လ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မင်းဂံ အကွက် ၁၃ ၊ မီးရထား ဘူတာလမ်းအောက်၌ ဒဏ်ရာများဖြင့် သတိလစ်မေ့မျောနေသည်ကို ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကလေးက ဆေးရုံကိုရောက်ကတည်းကနေ လုံးဝသတိမရခဲ့ဘူး။ ဒီနေ့ နေ့လယ် ပိုင်းမှာသေဆုံးသွားတယ်။ မုဒိမ်းကျင့်ခံထားရခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးချက် တွေလုပ်ထားတယ်။ ရဲတွေ၊မှုခင်းဆရာဝန်တွေကလည်း သူတို့လုပ်ထုံး၊ လုပ်နည်းနဲ့အညီ လုပ်နေတယ်။ ဆေးစစ်ချက်တွေကိုလည်း တင်ထားပြီလို့ပြောတယ်။ ဘယ်လို အဖြေထွက်လာမလဲတော့မသိသေးဘူး။ အခုတော့ အလောင်းကို ဆေးရုံက နေထုတ်ဖို့လုပ်နေကြပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မသန္တာဝင်းကို ၎င်းနေထိုင်ရာ ရပ်ကွက်မှ အမျိုးသားနှစ်ဦးက မုန့်ဝယ်ကျွေးမည် ဟုလိမ်ကာ ခေါ်ယူသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါအမျိုးသားနှစ်ဦးကို စစ်တွေအမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

“အဲ့ဒီကလေးက ပုံမှန်ဆိုလည်း ရပ်ကွက်ထဲမှာဆော့နေကျ။ ဆော့လို့မောလာရင် အဲ့ဒီ ရပ်ကွက်က အပျိုကြီး အိမ်တစ်အိမ်မှာအိပ်နေကျဆိုတော့ မိဘတွေကလည်း အပျိုကြီးနဲ့ အိပ်နေတယ်ထင်ပြီး လိုက်မရှာတော့ဘူး။ အိမ်နားကလူတွေပြောဆိုချက်အရ ကောင်မလေးကို ကောင်လေး နှစ်ယောက်ခေါ်သွားတာ တွေ့လိုက်တယ်လို့ ပြောတဲ့ အတွက် အဲဒီနှစ်ယောက်ကိုဖမ်းထားတာပါ။ သူတို့နှစ်ဦး ဆီကလည်း ထွက်ဆိုချက် တွေရထားတယ်လို့ ရဲတွေကပြောပါတယ်” ဟု၎င်းက ဆိုသည်။

ကလေးငယ် ဖြစ်ရပ်နှင့်ပတ်သက်၍ အဆိုပါ ရပ်ကွက်မှ သံသယရှိသူ နောက်ထပ် သုံး ဦးကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကျွန်မတို့အမြင်ပြောရရင် ကလေးတွေကအစ လုံခြုံမှုမရှိတော့ဘူးလို့ သုံးသပ်တယ်။ အခုခေတ်မှာက လူကြီး၊ လူငယ်မရွေး အမျိုးသမီးဆိုရင် ပိုပြီးမလုံခြုံတော့ဘူး။ အပွင့် လင်းဆုံးပြောရရင် တရားဥပဒေစိုးမိုးမှု နည်းတဲ့နေရာတွေ၊ လစ်ဟာမှုရှိတဲ့ နေရာတွေမှာ လုံခြုံမှုပိုနည်းလာတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင် ပေးနိုင်မလဲ။ သူတို့တွေရဲ့ဘဝကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ ဆိုတာကိုပဲ ကျွန်မတို့ လုပ်ပေးနိုင်ဖို့ ကြိုးစားနေကြတာပါ” ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ကလည်း ရခိုင်ပြည်နယ် အစိုးရဖွဲ့ရုံးအနီး လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

အလားတူပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးမှာလည်း စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ဆောက်လက်စ အဆောက်အအုံတစ်ခုတွင် ရက်ရက် စက်စက် အသတ်ခံခဲ့ရသည်။

#ရခိုင်ပြည်နယ် #စစ်တွေမြို့ #အသက်၁၂နှစ် #မိန်းကလေးငယ် #သေဆုံး #Ayeyarwaddy_Times