ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မတ် ၁၇ ရက်
ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်သည့် ကန်ပက်လက်မြိုနယ်၊ မုန်းချောင်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ကိုယ်ထူကိုယ်ထကားလမ်းသစ်ကို မတ်လ ၁၄ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ်၏ အရှေ့နှင့်အနောက်ဘက်ခြမ်းကို အဓိကဆက်သွယ်ပေးသော ကျင်ဒွေးမြို့လမ်းပိုင်းကို စစ်ကောင်စီက ဟန့်တားပိတ်ဆို့မှုကြောင့် ပြည်သူများသွားလာရေး၊ စားဝတ်နေရေးနှင့် လူမှုရေးအခက်အခဲများကို ၂ နှစ်ကျော်ကြုံတွေ့နေရပြီး ၎င်းအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် မဖြစ်မနေဖောက်လုပ်ရခြင်းဖြစ်ကြောင်းယမန်နေ့ မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
“စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူလူထုတွေ အဓိကအသုံးပြုတဲ့ ကားလမ်းမတွေကို ပိတ်ပင်မှုတွေ မကြာခဏပြုလုပ်တယ်။ အဲ့သလို ပိတ်ပင်မှုတွေကြောင့် နာရေး၊ သာရေး အပါ အဝင် စားဝတ်နေရေးနဲ့ အခြားကုန်စီစည်းဆင်းမှုပိုင်းမှာ အခက်အခဲပေါင်းစုံရင်ဆိုင်နေရတယ်။ အခုမြို့နယ် ၃ ခုကို ဆက်သွယ်သွားလာလို့ရမယ့် ကားလမ်းအသစ်ကို ဖွင့်လှစ်လိုက်ပြီဆိုတော့ ပြည်သူတွေအတွက် အစစအရာရာဆင်ပြေချောမွေ့တော့မှာဖြစ်တယ်´´လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုဖွင့်လှစ်သော ကားလမ်းသစ်သည် ၈ မိုင်၂ဖာလုံရှိပြီး ကန်ပက်လက်မြို့နယ် အနောက်ဘက်ခြမ်းမှ ပြည်သူများ၊ မင်းတပ်မြို့နယ်ရှိပြည်သူများနှင့် ပလက်ဝမြို့နယ်ရှိပြည်သူများအသုံပြုနိုင်မည့် လမ်းသစ်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုယ်ထူကိုယ်ထကားလမ်းသစ်ဖောက်လုပ်ရာတွင် ဒေသခံပြည်သူများ၏ ငွေကြေးနှင့်လုပ်အားများပါဝင်မှု၊ ပြည်ပရောက်ပြည်သူများ၏ ဖေးမကူညီမှု၊ အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကန်ပက်လက်မြို့နယ် #မြို့နယ် ၃ ခု
#ဆက်သွယ်သွားလာလို့ရမည့် #ကိုယ်ထူကိုယ်ထကားလမ်းဖွင့်လှစ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…