ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ CDF-မင်းတပ်အဖွဲ့က အခြေအနေအမျိုးမျိုးကြောင့် CDM မဝင်နိုင်သော်လည်း ပြည်သူများဘေးအန္တရာယ်ကင်းစေရန် ရည်ရွယ်ပြီး စစ်ကောင်စီ၏ လှုပ်ရှားမှုတပ်တွင်းသတင်းများအား CDF-Mindat ထံ ပေးပို့နိုင်ကြောင်းယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အခြေအနေအမျိုးမျိုးကြောင့် CDM မလုပ်နိုင်သော်လည်း စစ်ကောင်စီ၏ လှုပ်ရှားမှုတပ်တွင်းသတင်းများကို ပေးပို့တတ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိနေပြီး သတင်းခိုင်မာမှုအပေါ်မူတည်၍ ထိုက်တန်သော ဆုကြေးများကို ထပ်မံချီးမြှင့်သွားမည်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တပ်တွင်းက ဖရဲသီးတွေက အများကြီးရှိတယ်။ သူတို့က အခုနောက်ပိုင်း တပ်တွင်းပိုမိုတင်းကြပ်လာလို့ အတွင်းသတင်းပေးပို့ဖို့ ပိုမိုခက်ခဲလာတယ်။ နောက်ထပ် တစ်ခုက ဖရဲသီးအသစ်တွေ ပိုများလာနိုင်တယ်လို့ ထင်တယ်။ အဲလိုလူတွေအတွက် အပြင်ဘက် တော်လှန်ရေးဘက်နှင့် ချိပ်ဆက်တဲ့အခါမှာ အခက်အခဲရှိနိုင်တယ်။ ယုံကြည်မှုအပိုင်းမှာပေါ့။ သူတို့ကလည်း သတင်းပေးဖို့ ဒီဘက်က လူတွေကို သိပ်မယုံ။ ဒီဘက်ကလည်း အပြည့်အဝမယုံ။ ဒီကြားထဲ တပ်ဖက်က ဖရဲသီးစစ်ဆင်ရေးကို တိုးပြီးလုပ်လာရှိတယ်။ ဒါတွေကို တရားဝင်ကမ်းလှမ်းစာဖိတ်ခေါ်တော့ ဖရဲသီးတွေက ယုံယုံကြည်ကြည်နှင့် ဆက်သွယ်လာကြဖို့ လမ်းကြောင်းဖွင့်တဲ့သဘောပါ”ဟု CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများက ဆုကြေးငွေများအသီးသီးချီးမြှင့်နေပြီး လက်နက်နှင့်အတူ CDM ပြုလုပ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်မည်ဟု ယခင်၂၀၂၁ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းတွင် CDF-မင်းတပ်ကလည်း ထုတ်ပြန်ကြေညာခဲ့သည်။
CDF-မင်းတပ်က ထုတ်ပြန်ကြေညာထားသည့်အတိုင်း CDM ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆုကြေးငွေများချီးမြှင့်ခဲ့ပြီး တပ်တွင်းလှုပ်ရှားမှုသတင်းအမှန်များပေးပို့နိုင်သူများကိုလည်း ထိုက်တန်သော ဆုကြေးငွေထပ်မံချီးမြှင့်ဖြစ်ကြောင်း CDF-Mindatထံမှ သိရသည်။
“လောလောဆယ်တော့ Chin Defence Force-Mindat Pageမှာပဲ အရင်ဆက်သွယ်ချိတ်ဆက်ပြီး Contact Noတွေ ယူသွားဖို့ လုပ်နေပါတယ်။ နောက်ပိုင်းမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပါ ထည့်သွင်းကြော်ငြာဖို့ စဉ်းစားထားတယ်။ ကျွန်တော်တို့ အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေကို တင်ပြဆွေးနွေးပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာပါ”လို့ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဆက်လက်ပြောကြားသည်။
ချင်းပြည်နယ်၊ မြို့နယ်တစ်ချို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြင်းပြင်း ထန်ထန်လုပ်ဆောင်နေသလို တပ်ဖွဲ့ဝင်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာများပါ ဖြည့်တင်းမှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများလည်း ထိခိုက်သေဆုံးဒဏ်ရာရရှိသူများလည်းများပြားလာကာ ပြည်သူများဘေးကင်းလုံခြုံနိုင်ရန်အတွက် စစ်ကောင်စီတပ်တွင်း လှုပ်ရှားမှုသတင်းအမှန်များကို ကြိုတင်သိရှိနိုင်ရန် လိုအပ်ကြောင်းဒေသကာကွယ်ရေး တပ်များက ပြောဆိုသည်။
#စစ်ကောင်စီ #တပ်တွင်းသတင်းအမှန်များ #ပေးပို့သူများကိုဆုကြေးငွေချီးမြှင့်မည် #CDF-Mindat #ဖိတ်ခေါ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။