ဧရာ၀တီတိုင်းမ်
မတ်လ ၁၅ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းသစ်တောကြိုးဝိုင်းကွက်ချောင်းဖျားမှာ မတ်လ ၁၃ ရက်နေ့က ဆင်သတ်မုဆိုးများ လက်ချက်နဲ့ သေဆုံးနေတဲ့ တောဆင်ရိုင်း၂ ကောင်ကို သစ်တောဌာနက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သစ်တောကြိုးဝိုင်း ချောင်းဖျားမှာ အမြင့် ၈ပေ ရှိတဲ့ စွယ်စုံဆင်ထီးတစ်ကောင်နဲ့ အမြင့် ၈ပေ၆လက်မ ရှိတဲ့ ဟိုင်းဆင်ထီး ၁ ကောင်ကိုဆင်သတ်မုဆိုးများသတ်ဖြတ်သွားတာကြောင့် ပုပ်ပွနေတယ်လို့ သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတေံက ပြောပါတယ်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကသေဆုံးနေတယ်လို့ယူဆရတယ်။ သေရတာက ဆင်သတ်မုဆိုးတွေလက်ချက်ကြောင့် သေတာပါ။ ဆင်ကိုသတ်ပြီး အစွယ်၊ နှာမောင်းနဲ့ ဆင်သို တွေကိုဖြတ်ယူထားပြီးဒီတိုင်း ပစ်ထားခဲ့တာ”လို့ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ဧရာ၀တီတိုင်းမှာ ၂၀၂၃ ခုနှစ်အစပိုင်း၂ လအတွင်းမှာပင် ဆင်သတ်မုဆိုးများလက်ချက်ကြောင့် သေဆုံးရတဲ့ ဆင်၄ကောင်ရှိနေပြီ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ရက်နေ့က ချောင်းသာဒေသ ကန်ကြီးကျေးရွာအုပ်စု မှာ ဟိုင်းဆင်တစ်ကောင်၊ မတ်လ ၇ ရက်နေ့ကငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်းမှာ စွယ်စုံဆင်တစ်ကောင် အသတ်ခံခဲ့ပြီး ဒီဖြစ်စဥ်ကြောင့် ပုသိမ်ခရိုင်အတွင်းမှာ တောဆင်ရိုင်း အသတ်ခံရမှု ၄ ကောင်အထိရှိလာပြီပဲဖြစ်ပါတယ်။
ယခင်က ဧရာ၀တီတိုင်းမှာ ဆင်သတ်မုဆိုးများကိုမကြာခဏ ဖမ်းဆီးရမိမှုများရှိပေမယ့် စစ်တပ်အာဏာသိမ်းပြိီးနောက်ပိုင်း တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ဖို့အတွက် တောထဲကို သစ်တောရဲတွေနဲ့ ကင်းလှည့်တာတွေ ယခင်လိုသိမလုပ်နိုင်တော့တာကြောင့် တရားခံတွေကိုဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ဆင်မုဆိုးတွေကကြောက်ရတယ်။ လက်နက်မရှိပဲ ထိပ်တိုက်တိုးရင် သူတို့ ပစ်သတ်တာပဲ။ အာဏာသိမ်းပြီးမှ ဆင်မုဆိုးတွေကို ဖမ်းတာဆီးတာမရှိတော့ ထင်တိုင်းကြဲနေကြပြီ။ အရင်က အတွေ့အကြုံအရဆို သူတို့ကြောက်တာဆို စစ်တပ်နဲ့ ရဲပဲရှိတာ။ ဆင်တင်မဟုတ်ဘူး လူပါသတ်တာဆိုတော့ ဒေသခံတွေလည်း သတိထားပြီး သွားလာနေကြရတယ်” လို့ သာပေါင်း၊ ချောင်းသာဒေသများရှိ သစ်တောကြိုးဝိုင်းများတွင် ကျင်လည်သွားလာခဲ့ဖူးတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ပုသိမ်မြို့ခံအမျိုးသားတစ်ဥိးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြပြီး အဆိုပါ ကုန်ကူးသူများက မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချကာ ဆင်မှရရှိသည့်ပစ္စည်းများကို တရုတ်ပြည်မှာတိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံကနေသိရ
ပါတယ်။
#သာပေါင်း #ဆင်မုဆိုး #သေဆုံး #တောဆင်ရိုင်း #သေဆုံး
#Ayeyarwaddy_Times