နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /မတ်လ၁၄ရက်
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်သို့ မကြာခဏ ဆိုသလို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်နေသည့်အပြင် သန်းခေါင်စာရင်း ၊ အိမ်ထောင်စုစာရင်းများကိုပါ လိုက်လံစစ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ရဲများနှင့် စစ်ကောင်စီ တပ်သားများသည် ဆားလင်းကြီးမြို့ပေါ်တွင် ယမန်နေ့ မတ်လ ၁၃ ရက်နေ့က သန်းခေါင်စာရင်း၊ အိမ်ထောင်စုများကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းတွေ ခဏခဏထိုးပြီး ထင်တိုင်းကြဲနေပြီးတော့ အခု ဧည့်စာရင်း၊ အိမ်ထောင်စု သန်ခေါင်စာရင်းတွေကိုပါ လိုက်စစ်နေတာပါ။ စစ်ဆေးတဲ့သူတွေက ရဲစခန်းမှူး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသစ်တွေနဲ့ စစ်သား တွေလည်းပါတယ်။ ဘာအတွက် ပြင်ဆင်နေတာလည်းဆိုတာတော့မသိရဘူး” ဟု အသက် ၄၀ ခန့်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၁၃ရက်နေ့ ညပိုင်းမှစတင်၍ ဧည့်စာရင်းများ လိုက်လံစစ်ဆေးနေသောကြောင့် ပြည်သူများအနေဖြင့် သတိရှိကြရန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၎င်းတို့၏လူမှု့ကွန်ရက် စာမျက်နှာများမှတစ်ဆင့် သတိပေးထားသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေပြီး ဆားလင်းကြီးမြို့နယ် နှင့် ယင်းမာပင်မြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ဝန်းကျင်မှ အိမ်ခြေ ၁၀,၀၀၀ နီးပါးအထိ ဝင်ရောက်မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့ #စစ်ကောင်စီတပ် #ဧည့်စာရင်း #သန်းခေါင်စာရင်း #စစ်ဆေး #Ayeyarwaddy_Times