မတ်လ ၁၄ ရက်

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့ ၀င်ရောက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလင်းလင်းထွန်း အပါအ၀င် ၁၉ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများနှင့်အတူ ခြောက်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) က ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

သေဆုံးခဲ့သည့် တပ်ရင်းမှူးသည် ဆီဆိုင်အခြေ စိုက် ခမရ (၄၂) တပ်ရင်း၊ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၇)လက်အောက်ခံတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းလင်းထွန်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ဖယ်ခုံမြို့ပေါ်က ခမရ (၄၂၃) တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးလင်းလင်းထွန်းအပါအ၀င် အားလုံး ၁၉ ယောက်သေတယ်။ အရှင်ခြောက်ယောက်ဖမ်းမိထားတယ်။ လက်နက်တွေ လည်းရခဲ့တယ်”ဟု ကရင်နီပူးပေါင်းတပ် တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်များ ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဖယ်ခုံ PDF တပ်ရင်း(၂)နှင့် မဟာမိတ်အင်အားစုများမှ သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲသည် ၆ နာရီနီးပါးအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အထိုင်တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူ‌နေသဖြင့် ကရင်နီပူးပေါင်းတပ်များမှ ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာ၍ ထွက်ပြေးသွားကြပြီးနောက် ခြောက် ဦးကို အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် တောလမ်းတစ်နေရာ၌ ဖယ်ခုံ PDF ကင်းထောက်တပ်စိတ်နှင့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိပ်တိုက် တွေ့ပြီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကရင်နီပူးပေါင်းတပ်များမှ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးအပါအ၀င် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ RPG နှစ် လက်၊ ၆၀ မမ စိန်ပြောင်း တစ် လက်၊ ကွန်မဒိုပြောင်း နှစ်လက်၊ MA-1, MA-2, MA-3 ခုနစ် လက်၊ စနိုက်ဘာ တစ် လက်၊ ၉-မမ တစ် လက်၊ ကျည်ဘောက် အခု ၃၀၊ လက်ပစ်ဗုံး ၁၀ လုံး၊ နင်းမိုင်း ၁၀ လုံး၊ အီနာဂါ အလုံး ၂၀၊ RPG အသီး အလုံး ၃၀၊ 5.56 ကျည် ၃,၀၀၀၊ AKကျည် ၅၀၀ နှင့် ငါးကြင်းမီးကျည် ၁,၅၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#ကရင်နီပြည်နယ် #ဖယ်ခုံ #တိုက်ပွဲ #စစ်ကောင်စီတပ် #တပ်ရင်းမှူး #၁၉ဦးသေ #၆ဦးအရှင်မိ #လက်နက်ခဲယမ်းများ #Ayeyarwaddy_Times