ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
လူသားချင်းစာနာမှု အရေးပေါ်အကူအညီ လိုအပ်ချက်များပြားလာပြီး စီးပွားရေးအကျပ်အတည်း ဆိုးရွား လာနေစဉ် မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
“မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် နည်းပါးနေပါတယ်။ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည် သူတွေကို ပံ့ပိုးကူညီကြဖို့ တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်က ပြောပါတယ်။
“မြန်မာစစ်တပ်က လူသားဘဝနဲ့ လူ့အခွင့်အရေးကို အလေးမထားတာ စဉ်ဆက်မပြတ် ထုတ်ဖော်ပြသ နေပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြုစုထားတဲ့ အစီရင်ခံစာအရ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထိန်းသိမ်းခံရကာ ရာနဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ များစွာဟာ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်တပ်ရဲ့စီးနင်းမှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ်က အရပ်သားတည်နေရာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေပြု လုပ်တာ ၁၄၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး နေအိမ်တွေ၊ လူနေရပ်ကွက်တွေအပေါ် မီးရှို့ဖျက်ဆီးတာ ၃၈၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က စစ်ကြောင်းထိုးရာဒေသတွေမှာ နေအိမ်အဆောက်အအုံ ၃၉၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
“ထွက်မပြေးနိုင်တဲ့သူအချို့ မီးရှို့သတ်ဖြတ်တာခံခဲ့ရပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၁ ဒသမ ၃ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာပြည်သူ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး ပြည်သူ ၁၅ ဒသမ ၂ သန်းကျော်က စားနပ်ရိက္ခာ မဖူလုံမှု ကြုံတွေ့နေရတယ်လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
ကိုးကား – ungeneva.org
Ref; ‘Hope is rare now in Myanmar’, UN Human Rights Council hears