ဧရာဝတီတိုင်မ်း
(သာယာဝတီ)၊ မတ်လ ၅ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးမှဦးဆောင်၍ မြို့ပေါ်နယ်အတွင်းမှ လုပ်ငန်းရှင်သူဌေးများထံမှ ကားများအား မတ်လ ၃ ရက်နေ့မှစတင် ချောဆွဲယူဆောငခနေကြောင်း သိရသည်။

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန်အတွက် ခရိုင်စီမံကောင်စီဥက္ကဌအမိန့်နှင့် သာယာဝတီမြို့နယ်စီမံကောင်စီဥက္ကဌမှ ၎င်းတို့နှင့်နီးစပ်ရာ လုပ်ငန်းရှင်သူဌေးများထံမှ ကားများချောဆွဲနေခြင်းဖြစ်ပြီး ယခုအခါ ၁၀ စီးဝန်းကျင်ယူထားပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီကခိုင်းတဲ့အတိုင်း သာယာဝတီထွေအုပ်ကနေပြီး မြို့နယ်တွင်းကသူဌေးတွေစီးနေတဲ့ ကားတွေကို Double cup ရရ ဘာရရချောဆွဲတာ။ သူတို့မှာရှိတဲ့ ကားတွေကစုတ်နေပြီ။ စစ်ကြောင်းထိုးဖို့ တောင်ပေါ်တက်တော့ မှောက်တယ်။ သေတယ်။ ဒါ‌တွေကြောင့် သူဌေးတွေဆီကနေ ပေးချင်လဲပေး။ မပေးချင်လဲပေး ဆိုပြီး အရပ်သားကားတွေကို ချောဆွဲနေတာ။” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန်ဟု ဆိုကာ သာယာဝတီ‌မြို့နယ်ရှိလုပ်ငန်းရှင်များထံမှ Double Cab၊ Extra Cab၊ 4 Wheel ကားများအား ချောဆွဲထားကြောင်း သိရသည်။

စစ်ကောင်စီသည် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှတစ်ဆင့် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

မင်းလှမြို့နယ်တွင် မတ်လ ၂ ရက်နေ့ကလည်း ရိုးမအတွင်းစစ်ကား ၃ စီးဖြင့်စစ်ကြောင်းထိုးလာရာ လမ်းတွင်စစ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ အရာရှိအပါအဝင်တပ်သား ၅ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရပါသည်။
#သာယာဝတီ #စစ်ကောင်စီ #​ဒေသခံကားများ #ချောဆွဲနေ
#Ayeyarwaddy_Times