နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ မတ်လ ၅ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲပြီး ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ချပ်ကြီးကျေးရွာမှာ အထိုင်ချတပ်စွဲပြီး ပျူစောထီး တွေကို သင်တန်းပေးနေတဲ့နေရာကို KB2 တပ်ရင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီး ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၁၅ လက်နက်နဲ့ အတူ ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
” မနက် ၅ နာရီလောက်ဝင်တိုက်တာ၊ ပျူစောထီး ၆၀ လောက်ရှိတယ်၊ သတင်းသေချာအောင်စုံစမ်းပြီးမှ ဝင်တိုက်တာ၊ တိုက်ပွဲကတော့ ၁ နာရီလောက်ကြာတယ်၊ သေနတ် ၁၅ လက်နဲ့ ခဲယမ်းတွေရခဲ့တယ်”လို့ KB 2 တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပျူစောထီးသင်တန်းစခန်းကို ဝင်ရောက်စီးနင်းချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး ပျူစောထီး ၄၀ ကိုရှင်းလင်းနိုင်ခဲ့သလို သေနတ် ၁၅ လက်နက်နဲ့ ခဲယမ်းတွေပါ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဥ်အသုံးပြုပြီး ၂ ကြိမ်ဗုံးလာကျဲခဲ့သလို လေယာဥ်နဲ့ ပစ်ကူးပေးတာတွေပါ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးဖွဲ့တွေဆီက သိရပါတယ်။
#ကန့်ဘလူ #ပျူစောထီးစခန်း #ဝင်ရောက်စီးနင်း #Ayeyarwaddy_Times