နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၃ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသူများကို စစ်ကောင်စီတပ်မှ ပစ်ခတ်၍ကျဆုံးခဲ့ရသည့် ကျောင်းသူ၊ ကျောင်းသားကိုးဦး၏ ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ မတ်လ ၃ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဒီနေ့ ၃ရက် ၃လ ၂၀၂၃ ရက်နေ့ဟာ မုံရွာဘုရားကြီး အနီးမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရင်း ဖြိုခွင်းပစ်ခတ်ခံရလို့ ရဲဘော် ကိုး ဦးကျဆုံးခဲ့တဲ့ ၂ နှစ်ပြည့်တဲ့နေ့ပါ။ အဲ့ဒါကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။ စစ်တပ် (စစ်ကောင်စီတပ်)က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားထဲက မရရအောင်လုပ်ခဲ့ကြတာ။ တော်လှန်ရေးအင်အားစုများနဲ့အတူ မေတ္တာပို့ ပန်းခွေချပြီးလုပ်ခဲ့ကြတယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် အဆုံးထိတိုက်ပွဲဝင် သွားမှာဖြစ်ပါတယ်“ ဟု အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အဆိုပါ အခမ်းအနားကို မုံရွာမြိုနယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် PDF တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင်း #မုံရွာမြို့ #စစ်အာဏာရှင် #ရဲဘော်များ #ကျဆုံး #၂နှစ်ပြည့် #အခမ်းအနား #Ayeyarwaddy_Times