ဧရာ၀တီတိုင်းမ်
မတ်လ ၃ ရက်
နေပြည်တော်ကောင်စီနယ်မြေ၊ တရားရုံးအသီးသီးမှနေ၍ ရုံးထုတ်ပြီး ရမည်းသင်း အကျဉ်းထောင်သို့ပြန်လာစဉ် အချုပ်ကားပေါ်မှ ထွက်ပြေးခဲ့ကြသည့် အကျဉ်းသားများ အနက် ၃ ဦးကို ယမန်နေ့ မတ်လ ၂ ရက်နေ့က ပြန်လည်ဖမ်းဆီးမိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်၀န်းကျင်တွင် ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသား ၂၁ ဦးကို နေပြည်တော်ရှိ မြို့နယ်တရားရုံး အသီးသီးမှနေ၍ ရုံးထုတ်ပြီးပြန်လာစဉ် တပ်ကုန်းမြို့နယ်အရောက်တွင် အချုပ်ကားမှ ပါဆယ်၀င်ရောက်ယူခဲ့သည်။ ထိုသို့ ဝင်ယူစဉ် အကျဉ်းများက အချုပ်ကားစောင့် ရဲများထံမှ သေနတ်လုယူ ပစ်ခတ်ထွက်ပြေးရာ ၁၀ ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အကျဉ်သားများ လွတ်မြောက်သွားသည့် ညနေပိုင်းအချိန်၌ပင် စစ်ကောင်စီတပ်နှင့် ရဲများမှ အင်အားသုံးရှာဖွေခဲ့ကြရာ ဂွေးပင်ရွာအနီးတွင် အကျဉ်းသား သုံး ဦးကို ပြန်လည်တွေ့ရှိခဲ့ပြီး တစ်ဦးကိုနေရာတွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြိး နှစ် ဦးကိုမူ ရမည်းသင်း အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်လာသည်။ ကျန်ရှိနေသည့် အကျဉ်း သား ခုနစ်ဦးမှာ လက်နက်နှင့်အတူ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရမည်းသင်း အကျဉ်းထောင်ဦးစီးဌာနနှင့် နီးစပ်သူထံက သိရသည်။
“ထွက်ပြေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ပဲပါတယ်။ ကျန်တဲ့သူတွေက နှစ်ကြီးသမားတွေ။ နှစ် ၅၀ လောက်ကျခံထားရတဲ့သူတွေ။ အခု သုံး ယောက်ကို ပြန်ဖမ်းမိတယ်။ တစ်ယောက်က ပြန်ခုခံလို့ နေရာမှာတင် ပစ်ဖမ်းလိုက်ရတော့ သေသွားတယ်။ ရဲတပ်သား တစ်ယောက်သေတယ်” ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှ ပြန်လည်ဖမ်းဆီးရမိခဲ့သည့် သူများတွင် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုး ဆိုသူ ပြန်လည်ပါဝင်လာသည်ဟု သိရပြီး ကျန်အကျဉ်းသားများ၏ အသေးစိတ်အချက် အလက်ကို ဧရာ၀တီတိုင်းမ်သတင်းဌာန အနေဖြင့် စုံစမ်းအတည်ပြုဆဲဖြစ်သည်။
စစ်ကောင်စီတပ်ထောက်ခံ မီဒီယာအချို့တွင် အချုပ်ကားနောက်ခန်းရှိ ရဲတစ်ဦး၏ သေနတ်ကို အချုပ်သားများမှ လုယူ၍ ကားခေါင်းခန်းရှိ ရဲထံဖုန်းဆက်ပြီး အချုပ်ကားရပ် တံခါးဖွင့်ခိုင်းကာ သေနတ်လုယူထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
#နေပြည်တော် #အချုပ်ကား #ဖောက်ပြေး #အကျဉ်းသား #ဖမ်းမိ #၁ဦးသေ #၇ဦးလွတ်မြောက် #Ayeyarwaddy_Times