ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီ လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၇ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆၀ နီးပါးသေဆုံးကာ ကာကွယ်ရေးအဖွဲ့များဘက်မှ ၁၅ ဦးခန့်ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နွားမသင်းကျေးရွာမှစတင်ကာ စစ်ကောင်စီတပ်များနှင့်ဒေသခံကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး မင်းရွာကြီးကျေးရွာအနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများအများအပြားဖြစ်ပွားခဲ့ကြောင်း Danger Force LPDF အဖွဲ့ထံမှသိရသည်။
” ၂၁ ရက်နေ့ ၉ နာရီလောက်ကစပြီး နွားမသင်းကနေ မင်းရွာကြီးဘက်ကိုထိုးဝင်လာတော့ စပြီး ထိတွေ့တိုက်ပွဲဆက်တိုက်ဖြစ်တာ၊၂၂ ရက်နေ့မှာ မင်းရွာကြီးကျေးရွာဘက် Mi35 နဲ့ ဝင်ပစ်တယ်၊၂၃ ရက်နေ့မှာလည်း မလဲသာ ကျေးရွာကို လေယာဉ်နဲ့ဝင်ပစ်တယ်၊ပြီးတော့ စစ်အင်အား၁၀၀ကျော်ထပ်မံဖြည့်တင်းခဲ့တယ်၊ ၂၄ ရက်နေ့မှာ ထိတွေ့ တိုက်ပွဲ ၂ ခါဖြစ်တယ်။
သူတို့အင်အား၂၀၀ ဝန်းကျင်မှာ ၁၀၀ ကျော်လောက်ပဲ တွေ့တော့တယ်။ ဖေဖော်ဝါရီ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားတယ်ဗျ။ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့ဘက်ကလည်း ရဲဘော် ၁၅ ဦးကျဆုံးတယ်”ဟု Danger Force -LPDF ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကာကွယ်ရေးအဖွဲ့တွေအနေဖြင့် အသုံးပြုရသည့် ဒရုန်းတွေကလည်းမကောင်းတော့သလို လက်နက် ခဲယမ်းများလည်း လိုအပ်နေသည့်အတွက် ပြည်သူတွေအနေဖြင့် ဝိုင်ဝန်းကူညီပေးကြဖို့ ၎င်းမှဆက်လက်ပြောဆိုသည်။
သေဆုံးသည့် စစ်ကောင်တပ်သားများကို ကားဖြင့် လာပြီးသယ်ဆောင်ခဲ့သလို မင်းရွာကြီးထဲနှင့် အုတ်ဖိုလ်တောရကျောင်းတဝိုက်တို့တွင်လည်း စစ်သားအလောင်းများကို မီးရှို့ကာ အလောင်းဖျောက်ထားခဲ့သည့် မီးလောင်ပုံများကို ၅ နေရာထိ တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါထိတွေ့တိုက်ပွဲများတွင် Danger Force -LPDF အဖွဲ့အပါဝင် လင်းယုန်တပ်ဖွဲ့ ၊ Ayadaw Falcon Force (AF2) ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့ ၊ နွေဦးရဲဘော်တပ်ဖွဲ့ ၊ ကြယ်နီတပ်ဦး၊ NDRF ၊ MRTF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း LPDF ထံမှသိရသည်။