ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
ရခိုင်ပြည်နယ် ၊ပုဏ္ဏားကျွန်းမြို့ရှိ ၊ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို ယနေ့၊(မတ်လ၃ရက်နေ့)တွင် စစ်ကောင်စီက တစ်အိမ်ထောင်ကိုငွေ ၆သိန်းစီပေးကာ နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။
ယနေ့၊နံနက်ပိုင်း ၇နာရီကျော်အချိန်က ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စစ်ကောင်စီအရာရှိများ၊ စည်ပင်နှင့်မီးသတ်အဖွဲ့များက စခန်းသို့ရောက်ရှိ လာကာ စစ်ဘေးရှောင်များအား အစည်းအဝေးခေါ်ယူပြောကြားခဲ့ပြီးနောက် နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း ရေဖြူကန်စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသန်းဌေးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
” သူတို့ရောက်လာပြီးတော့ တရွာက လူ ၃၀ စီခေါ်ပြီးပြောတယ်။ သူတ်ို့(စစ်ကောင်စီ)က ၅သိန်း၊ဘေးစီမံက ၁သိန်း စုစုပေါင်းငွေ ၆သိန်းနဲ့ အသုံးအဆောင်ပစ္စည်း ၁၇မျိုးပေးမယ်ပြောတယ်။တကယ်လို့နေရပ်ပြန်ရောက်သွားလို့ မိုင်းနဲ့ပတ်သက်လို့တခုခုဖြစ်ရင်လည်း သူတို့ဖက်က မိုင်းရှင်းပေးမယ်ပြောတယ်။ဘယ်အချိန်ရှင်းပေးမယ်လို့တော့မပြောသွားဘူး။ပြီးတော့ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်လည်ပြုပြင်ပေးဖို့တောင်းဆိုတော့လည်း သူတို့ဖက်ကဘာမှပြန်မပြောသွားပါဘူး” ဟု ၄င်းကပြောသည်။
အဆိုပါစစ်ဘေးရှောင်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးလျှင် ကျပ်ငွေ ၂၁၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့နေခြင်းဖြစ်ပြီး ယင်းငွေများမှာ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိသည့်အတွက် နေရပ်ပြန်ရန်ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များကဆိုသည်။
” နေရပ်ပြန်ချင်တယ်လို့တော့မဟုတ်ပါဘူး။ စစ်ဘေးရှောင်စခန်းမှာနေရင်လည်း WFP ကပေးတဲ့ငွေနဲ့လက်ရှ်ိ ကုန်စျေးနှုန်းနဲ့မကိုက်ဘူးလေ။ အပြင်ကိုသွားပြီး ကျပန်းလုပ်စားဖို့ကလည်း အလုပ်ရှားတော့အဆင်မပြေဘူး။ ဒါကြောင့် ဒီမှာနေလည်း ဘာမှမထူးဘူး၊ ရွာမှာပဲ ဖြစ်သလိုလုပ်ကိုင်စားသောက်တော့မယ်ဆိုပြီး လက်ခံလိုက်တာပါ။ သူတို့အခုပေးတဲ့ငွေက လတ်တလောစားသောက်ဖို့အတွက်ပဲ အဆင်ပြေတာပါ။ ကျန်တဲ့ရက်တွေဆို တောတောင်ထဲသွားရှာစားရတော့မှာဆိုတော့ အဓိက မိုင်းရှင်းလင်းပေးစေချင်တာပေါ့”ဟု နေရပ်ပြန်လာသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ မတတ်သာသည့်အနေအထားကြောင့် နေရပ်ပြန်လာရခြင်းဖြစ်သည့်အတွက် ၄င်းတို့ဘဝပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီဖက်က ထပ်မံတာဝန်ယူပေးစေလိုကြောင်း စခန်းတာဝန်ခံတယောက်အနေဖြင့် တောင်းဆိုသည်ဟု ကိုသန်းဌေးကဆက်ပြောသည်။
” ကျွန်တော်အနေနဲ့ တောင်းဆိုချင်တာက စစ်ဘေးရှောင်တွေ ကိုယ့်ရပ်ရွာကိုရောက်သွားရင် အိမ်ရှိတဲ့သူရှိမယ်၊မရှိတဲ့သူမရှိကြတော့ဘူး။ ဒါဆိုသူတို့တွေအတွက် နေအိမ်တွေပြန်ဆောက်ပေးစေချင်တယ်။ပြီးတော့ အကုန်လုံးကတောတောင်ကို အမှီပြုနေကြတဲ့တောင်သူတွေပါ။သူတို့်အတွက် မိုင်းရှင်းလင်းပေးဖို့ကအဓ်ိကလိုအပ်တယ်။စစ်ကောင်စီဖက်က ဘယ်အချိန်မှာရှင်းပေးမယ်ဆိုပြီး အတိအကျပြောမသွားပေမဲ့အမြန်ဆုံးတော့ အကောင်အထည်ဖော်လုပ်ဆောင်ပေးစေလိုပါတယ်” ဟု ၄င်းကပြောသည်။
ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၀ ကျော် ကျောက်ဆိပ်၊ သာစည်၊ ဒိုးတန်း၊ ပိန္နဲတောနှင့် ပလက်ဝမြို့နယ် နှမဒါကျေးရွာမှ စစ်ဘေးရှောင် စုစုပေါင်း ၅၃၂ ဦးရှိပြီး ၄င်းတို့အားလုံးမှာ ယနေ့၊နံနက်ပိုင်းက စစ်ကောင်စီက စီစဉ်ပေးသောကားများဖြင့် မိမိနေရပ်များသို့ပြန်သွားကြပြီဖြစ်သည်။
#ပုဏ္ဏားကျွန်း #စစ်ဘေးရှောင် #စစ်ကောင်စီ #နေရပ်ပြန်ပို့ #Ayeyarwaddy_Times
https://www.facebook.com/508784185946254/posts/2426827537475233/