ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) ၊ တပ်ရင်း-၂ နယ်မြေတွင် အခြေပြုလှုပ်ရှား တိုက်ပွဲဝင်လျက်ရှိသည့် Hawk Revolutionary Squad- HRS Drone Force ၏ တွဲဘက်တာဝန်ခံ၊ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင် ငါး ဦးကို စစ်ကောင်စီ အုပ်စုက သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ပြီး အဖွဲ့ဝင် ရဲဘော်များ အနေဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း HRS က ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
HRS Drone Force ၏ တွဲဘက်တာဝန်ခံ ဆရာကျောင်း၏ သုံးနှစ်အရွယ်သားငယ် အပါအဝင် မိသားစုဝင် ငါး ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ၎င်းတို့၏ နေအိမ်တွင် လာရောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“လုံခြုံရေးအကြောင်းအရာတွေရှိနေတာကြောင့် အခုမှ တရားဝင် ထုတ်ပြန်တာပါ။ တော်လှန်ရေးကာလအတွင်းမှာ ဒါဟာ Mass Murder Crime (အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ရာဇဝတ်မှု) ဖြစ်ပါတယ်” ဟု HRS Drone Forceမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အပြစ်မဲ့မိသားစုအား ယခုကဲ့သို့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှု(War Crime) ကို စစ်ကောင်စီအနေဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း HRS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မိမိတို့အဖွဲ့ဝင်ရဲဘော်များအနေဖြင့်လည်း ဆရာကျောင်းနှင့်မိသားစုဝင်ငါးဦး အတွက် “သွေးကြွေးနှင့်တရားမျှတမှု” ကို မရရအောင် ပြန်လည်ယူဆောင်သွားမည် ဟု HRS က ဆိုထားသည်။
ဓာတ်ပုံ – HRS Drone Force တပ်ဖွဲ့ဝင်အချို့အား မြင်တွေ့ရစဥ်။
#ရန်ကုန်တိုင်း #လှည်းကူးမြို့နယ် #စစ်ကောင်စီအုပ်စု #မိသားစုဝင်ငါးဦး #သတ်ဖြတ် #စစ်ရာဇဝတ်မှုမြောက် #Ayeyarwaddy_Times
https://www.facebook.com/508784185946254/posts/2426827537475233/