နိုင်မင်းလွင် (ဧရာဝတီတိုင်းမ်)
၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ကို Standard Army တစ်ခုဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်နေပြီး ၎င်းလက်အောက်ခံ စစ်သားများအနေဖြင့် စည်းကမ်းနှင့်အညီ နေထိုင်သူများဖြစ်ခြင်းကြောင့် ပြည်သူ့အပေါ် ရေလိုလလို ကျင့်ကြုံကြရန် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့ မတ်လ ၁ ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ၎င်းလက်အောက်ခံ စစ်သားများ၊ မိသားစု များနှင့် သွားရောက်တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်အမြင်အရတော့ မျက်နှပြောင်တိုက်တယ်၊ အရှက်မဲ့တဲ့ စကားလို့ပဲ ထင်တယ်။ Standard Army ဖြစ်ချင်ရင် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေးရမှာ ပေးလိုက်လေဗျာနော်။ ပြည်သူ့အပေါ် မတရားညှင်းပမ်း နှိပ်စက်သတ်ဖြတ် နေ့စဉ်ရက်စက် ရွာလုံးကျွတ်နီးပါး မီးတင်ရှို့နေပြီး ရေလိုလလိုလို့ ပြောထွက်တာဟာ တော်ရုံမျက်နှာပြောင် အရှက်မဲ့ယုံနဲ့ ပြောထွက်မယ်မထင်ဘူးဗျ။ လူဆိုတာ သူရှိနေ သင့်တဲ့နေရာ၊ ရှိနေတာပဲကောင်းတယ်။ သူမရှိသင့်တဲ့နေရာ သူမပြောသင့်တဲ့စကားတွေကို မျက်နှာပြောင်တိုက် လျှောက်ပြောနေရင် အတော်အကြည့်ရဆိုးပြီး အော့နှလုံးနာဖို့ ကောင်းတယ်ဗျာ” ဟု Burma Human right Network မှ ဆရာ စိုးနေဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်တပ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည် ဖြစ်သကဲ့သို့ ပြည်ပရန် ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျှက်ရှိကာ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက်မှုများ နည်းပါးစေမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
“မင်းအောင်လှိုင်က ဦးသိန်းစိန် အစိုးရလက်ထက်၊ အန်အယ်လ်ဒီလက်ထက်ကတည်းက Standard Army ဆိုတဲ့ အသုံးအနှုန်းကို အမြဲသုံးစွဲလေ့ရှိတယ်။ သို့ဒါပေမယ့် မြန်မာစစ်တပ်ဟာ ၂၀၁၇ မှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေ၊ အခု စစ်အာဏာသိမ်းပြီးနောက် ကျင့်သုံးတဲ့ အရပ်သားတွေ သတ်ဖြတ်၊ နေအိမ်မီးရှို့ ပစ္စည်းယူတာတွေက standard army ဖြစ်ဖို့ အဝေးကြီးလို့ပဲ ဆိုချင်ပါတယ်။ အရပ်သားတွေ အပေါ် ကျင့်ကြံပြုမူပုံရော၊ လက်နက်ကိုင်တွေ အပေါ် ကျင့်ကြံပြုမူပုံတွေက လူမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်နေတဲ့ လက်နက်က်ိုင်တပ်ဖွဲ့ကို standard army လို့ မခေါ်နိုင်တာ သေချာပါတယ်” ဟု ဝါရင့် သတင်းစာဆရာတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထို့အပြင် ၎င်းလက်အောက်ခံ စစ်သားများသည် စည်းကမ်းနှင့်အညီ နေထိုင်ကြသူများ ဖြစ်ခြင်းကြောင့် ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင် ပြည်သူ့အပေါ် ထားရှိရမည့် ကျင့်ဝတ်တွင် ပါဝင်သည့်အတိုင်း ပြည်သူ့အပေါ် ရေလိုလလို ကျင့်ကြံကြရန်လိုပြီး ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးအတွက်လည်း လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
“standard army က အခုမှမဟုတ်ဘူး။ သူတို့(စစ်တပ်) ဟိုးအစောကတည်းက လုပ်နေတာကြာပြီ။ ဒါပေမယ့် standard army လုပ်ရင်းလုပ်ရင်းနဲ့ ခြင်းကြားတပ်လို့ ပြည်သူတွေကြားမှာ အဲဒီလိုသွင်လာတယ်။ ပြည်သူတွေအပေါ် ရေလိုလလိုကျင့်ဖို့ အဲဒီလိုပြောတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ပြည်သူတွေဟာ နေစရာအိမ်မရှိ၊ အသက်အိုးအိမ် မလုံခြုံဘူး၊ ပြည်သူနေတဲ့ နေရာတွေက မီးဟုန်းဟုန်းတောက်ပြီး ကလေးတွေလည်း ပညာမသင်ရ ဗုံးကျင်းထဲမှာ ခိုနေရတယ်ဆိုတဲ့ အနေအထားရောက်သွားပြီ။ ဒီတော့ ပြောတာကတော့ ပြောတာပဲ။ ဒါပေမယ့် အပြောနဲ့ တကယ့်လက်တွေ့မှာတော့ အများကြီးကွာတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်အထိ စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသူ စုစုပေါင်း ၁၆၀၉၃ ဦးထိရှိနေပြီး အရပ်သားသတ်ဖြတ်ခံရသူဦးရေ ၃၀၇၃ ဦးထိရှိကာ ၄၇၀၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #စတမ်းဒက်အာမီ #Ayeyarwaddy_Times