ဧရာဝတီတိုင်းမ်
(ပေါင်)၊ မတ်လ ၂ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာနေ စစ်ကောင်စီသတင်းပေးဟု ကျော်ကြားသူ၏ ညီဖြစ်သူအား စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျွဲခြံကျေးရွာနေ တပ်ထောက်ခံသူ၏ ညီဖြစ်သူ ကိုသိန်းထိုက်သည် ကျိုက်မရောမြို့နယ်ရှိ အုတ်ဖိုတွင်အလုပ်လုပ်နေပြီး ညဘက် အရက်သောက်၍ သီချင်းကျယ်လောင်စွာဖွင့်သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ညဘက်အရက်မူးပြီး ဆောင်းဘောက်အကျယ်ကြီးဖွင့်လို့ဆိုပြီး လာပစ်သွားတာ။ ဒီဘက်မှာ‌တော့ သူ့အကိုက တပ်ထောက်ခံသူဆိုပြီး နံမည်ကြီးတယ်။ ပြောရရင် ဒလန်ပေါ့။ သူတို့မိသားစုက စစ်တပ်(စစ်ကောင်စီတပ်) ကလုပ်တာ ဆိုတော့ သတင်းဖုံးထားတာ။ ဘယ်သူမှတောင်မသိကြဘူး။ PDFသာလုပ်ရင်တော့ ဘယ်လောက်တောင် သောင်းကျန်းနေမလဲ မသိဘူး” ဟု အသက် ၄၀ ဝန်းကျင် ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကိုသိန်းထိုက်မှာ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ၎င်း၏မိသားစုမှာ သတင်းဖုံးဖိထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတွင် နေထိုင်သည့် ပေါင်မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

#မွန်ပြည်နယ် #ပေါင်မြို့နယ် #စစ်ကောင်စီသတင်းပေး #စစ်ကောင်စီတပ်သား #သီချင်းဖွင့် #သေနတ်ဖြင့်ပစ်ခတ် #Ayeyarwaddy_Times