ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF B-11 မှ ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးမှာ ခေါင်အိကျေးရွာအတွင် နှစ်ရက်ဆက်တိုက် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၉ နှစ် အရွယ် ၁၀ တန်းကျောင်းသားနှင့် ၁၅ နှစ်အရွယ် ညီအကို ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ည ၇ နာရီလောက်မှာ စာကျက်နေတုန်း လက်နက်ကြီး ကျတာ။ သူ့တို့အမက CDM ဝန်ထမ်းလေ။ သူတို့အိမ်လည်း ဆုံးရှုံးထားပြီးပြီ။ ဘုန်းကြီးကျောင်းမှာ နေနေရတာ။ အခု မောင် ၂ ယောက်ပါ ထပ်ဆုံးရပြန်ပြီပေါ့”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

ဖယ်ခုံမြို့အခြေစိုက် KNDF B-11 ၏ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်တွင် ခေါင်အိကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းတွင် ရှိနေသည့် အသက် (၄၀) အရွယ် အမျိုးသားတစ်ဦး(ဗိုက်ပွင့် စိုးရိမ်ရ)နှင့် (၈) နှစ် အရွယ် ကလေးတစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံး ပျက်စီးခဲ့သော်လည်း အိမ်ပိုင်ရှင်မှာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင်လည်း ဖယ်ခုံအနောက်ဘက်ခြမ်းရှိ အခြားသောကျေးရွာတစ်ရွာသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညပိုင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ခေါင်အိကျေးရွာမှ ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတုများ၊ မီးစက်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များမှ နေ့စဥ်ရက်ဆက်ဆိုသလို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေမှုကြောင့် ပြည်သူများအနေ​ဖြင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြပါရန် KNDF B-11 မှ သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF B-11

#ဖယ်ခုံ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #၁၀တန်းကျောင်းသား #သေဆုံး
#Ayeyarwaddy_Times