ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် မီးသွေးဖုတ် အလုပ်လုပ်ကိုင်သည့် ပြည်သူတစ်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါအမျိုးသားသည် အသက်၂၆ နှစ်အရွယ် ကိုမင်းမင်းဦး(ခ) ကိုလမင်းဖြစ်ပြီး နဘားကျေးရွာ အုပ်စု၊ ကမ်းနီးရွာတွင်နေထိုင်သူဖြစ်ကာ အင်းတော်စစ်ခုံရုံးက ပုဒ်မ ၅၀(ည)ဖြင့် စွဲချက်တင်ခံရပြီး တစ်သက်တစ်ကျွန်းအမိန့်ချမှတ်ခြင်း ခံခဲ့ရကြောင်း lndaw Revolution lR အဖွဲ့ထံမှသိရသည်။
“သူက အင်းတော်မြို့ထဲဈေးသွားဝယ်ရင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာအဖမ်းခံရတာပါ၊ သူ့မိဘတွေက ၃ ရက်လောက်မှသိရတာ၊ သူ့ကိုတောထဲမှာ မီးသွေးဖုတ်နေတယ်ဘဲထင်နေကြတာ။ အဖမ်းခံရတဲ့အချိန်ကစပြီး မိသားစုတွေနဲ့ အတွေ့မခံဘူး။ ကျွန်တော်တို့ ဘက်မှာ ဒေသခံတွေက လယ်ယာလုပ်ငန်းပြီးရင် မီးသွေးဖုတ်တဲ့အလုပ်ကို လုပ်နေကြတာပါ။ အခုလို ရိုးရိုးသားသား တောင်ယာအလုပ် လုပ်နေကြတဲ့ ပြည်သူတွေကို မတရားအမိန့်ချမှတ်တာဟာ ပြည်သူအားလုံးကို ကြောက်စိတ်ဝင်အောင် တမင်လုပ်နေတာ”ဟု lndaw Revolution lR အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ခုလိုမျိုး စစ်ကောင်စီက အပြစ်မဲ့အရပ်သား ပြည်သူတွေအား စွပ်စွဲဖမ်းဆီးပြီး အမိန့်ချချင်သလို ချမှတ်နေခြင်းဟာ ကြောက်စိတ်ဝင်အောင်ပြုလုပ်နေခြင်းဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း သွားလာတဲ့အခါ သတိထားသွားလာဖို့အတွက် မှာကြားချင်ကြောင်း
၎င်းမှဆက်လက်ပြောဆိုသည်။
အင်းတော်မြို့တွင် ဖော်ဖော်ဝါရီလ ၈ ရက်နေ့ ညတွင်လည်း မဲဇာစခန်းရှေ့ ဖြတ်လျှောက်သွားသည့် အလယ်ဆိပ်ရွာသား စိတ်ချို့ယွင်းနေသူ ကိုစိုးနိုင် (၄၅နှစ်)ကို စစ်ကောင်စီက သေနတ်ဖြစ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#အင်းတော် #မီးသွေးဖုတ်သူ #တစ်သက်တစ်ကျွန်း
#ထောင်ဒဏ် #Ayeyarwaddy_Times