ဧရာဝတီတိုင်းမ်
နိုင်မင်းလွင် ၊ မတ်လ ၂ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းရွာရှိ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)၏ ဝိမုတ္တိသုခကျောင်းတိုက်မှ သံဃာ တစ် ပါးနှင့် ကပ္ပိယ သုံး ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်၊ မဘသဘုန်းကြီးတချို့နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF တပ်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဝိမုတ္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးတိလောက၊ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ ဒကာ နှစ် ဦးနှင့် ဒကာမ တစ် ဦးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျောင်းရှိ ကွန်ပျူတာများနှင့် သင်္ကန်း ပရိက္ခရာများကိုလည်း သိမ်းယူခဲ့ကြောင်း သိရသည်။
“သိတာကတော့ ဦးဇင်းတို့က ၂၆ ရက်နေ့မှ သိတာ။ ဖမ်းတာကတော့ ၂၅ ရက်နေ့တည်းက ဝင်ဖမ်းတာလို့ ပြောတာပဲ။ ကျောင်းက ဦးဇင်းနဲ့ ဒကာတွေကတော့ အေးအေးဆေးဆေး နေထိုင်ကြတာပါ။ အဓိကကတော့ ဦးဇင်း(ဆရာတော် မင်းသုည)ကို အငြိုးနဲ့ဖမ်းတာပဲ။ ကျောင်းကဦးဇင်းတွေမှာ အပြစ်ရှိလို့ မဟုတ်ဘူး။ ဦးဇင်းက ယနေ့ တော်လှန်ရေး လုပ်နေတာကို စစ်တပ်ရယ်၊ BGF ရယ်၊ မဘသရယ် ပေါင်းပြီးတော့ ကလိမ်ကကျစ်ကြပြီး ယုတ်မာတာ။ ကျောင်းကဦးဇင်းတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ သူတွေကို သက်သက်မဲ့ အနိုင်ကျင့်ပြီး ဖမ်းတာ” ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ဧရာဝတီတိုင်းမ်သတင်းဌာနကို မိန့်ကြားသည်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ မည်သည့်သတင်း အစအနမှ မရရှိသေးသလို ကျောင်းတိုက်ကိုလည်း မဘသဘုန်းကြီးတချို့ အပါအဝင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်တို့က စီးနင်းအထိုင်ချတပ်စွဲထားကြောင်း ဆရာတော်က မိန့်ကြားသည်။
“သူများကျောင်းကို ဝင်တယ်ဟေ့ဆိုရင် ဒါဟာ ပါရာဇိကကျတယ်။ မဘသ က သဘောတူတယ်ဆိုရင် မဘသတစ်ဖွဲ့လုံး ပါရာဇိကကျတယ်။ ဘုန်းကြီးမဟုတ်တော့ဘူး။ သူများကျောင်းကို ဘာမှမဖြစ်ဘဲ ဝင်သိမ်းခွင့် မရှိဘူး။ ဒါဦးဇင်းကိုယ်တိုင် ဒကာတွေလှူလို့ တည်ထောင်ထားတဲ့ ကျောင်းဖြစ်တယ်။ သူများကျောင်းကို ဝင်ပြီးတော့ မောင်ပိုင် စီးတယ်။ အခုပစ္စည်းတွေလည်း ယူတယ်လို့ကြားတယ်။ ကျွန်ပျူတာတွေ၊ သင်္ကန်းတွေ လည်း ယူသွားတယ်လို့ကြားတယ်” ဟု ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မိန့်သည်။
ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)သည် ဝိမုတ္တိသုခကျောင်းတိုက်ကို ၂၀၁၅ ခုနှစ်မှ စတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါတို့က ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ကို ဖမ်းဆီးရန် လိုက်လံစုံစမ်းလျှက်ရှိကြောင်း သိရသည်။
“အာဏာသိမ်းအောင်လည်း မဘသအဖွဲ့အစည်းက မြှောက်ပေးတယ်။ မြဝတီမှာ ဆိုရင်လည်း ဦးဇင်းသူငယ်ချင်း စင်္ကြာတောင်ကျောင်းကိုလည်း သူတို့ဝင်သိမ်းတာပဲ။ အဲဒီတော့ မဘသဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး သူတို့ကိုယ်တိုင် ဓားပြဖြစ်နေတယ်။ သူခိုးဖြစ်နေတယ်။ ဦးဇင်းပြောချင်တာ ယနေ့တစ်ဖွဲ့လုံးပေါ့ဗျာ။ တစ်ဖွဲ့လုံးမှာ တာဝန်ရှိတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိတဲ့ အဖွဲ့အစည်းက ဗရမ်းဗတာ၊ လူ့ပေါက်ပန်းအဖွဲ့ပဲ” ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က မြွက်ကြားသည်။
စစ်ကောင်စီတပ်သည် လက်ရှိအချိန်အထိ ရဟန်းသံဃာတော် ၁၀၀ ပါးဝန်းကျင်ကို မတရား ဖမ်းဆီးထားပြီး သံဃာ ၁၀ ပါးကျော် သတ်ဖြတ်ခံရကြောင်း နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်မှ ဆရာတော်တစ်ပါးထံက သိရသည်။
ထို့ပြင် အာဏာသိမ်း စစ်ကောင်စီသည် လူထုတော်လှန်ရေးအတွင်းသို့ ရဟန်း သံဃာတော်များ ပါဝင်မလာအောင် ထင်ရှားကျော်ကြားသည့် ဘုန်းကြီးကျောင်းများကို ငွေကျပ် သိန်းတစ်ထောင် ပေးအပ် ကပ်လှူ၍ စည်းရုံးခြိမ်းခြောက်ထားကြောင်း သိရသည်။
#ဆရာတော်မင်းသုည #ကျောင်းတိုက် #စစ်ကောင်စီတပ် #မဘသဘုန်းကြီး #BGF #သံဃာ #ကပ္ပိယ #ဖမ်းဆီး #Ayeyarwaddy_Times