ဧရာ၀တီတိုင်းမ်
မတ်လ ၁ ရက်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ CB ဘဏ်ကို ယနေ့ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက သေနတ်အတုဖြင့် ၀င်ရောက်လုယက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၀ခန့်က ပု‌ဇွန်တောင်မြို့နယ်၊ ၇ ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း ရှိ CB ဘဏ်ကို လူငယ် ၂ ဦး၀င်ရောက်လာ၍ ပစ္စတို သေနတ်နှင့် ဓားမြှောင်ပြ ခြိမ်းခြောက်၍ ကောင်တာရှိ ငွေကျပ် သိန်း ၆၅၀ ကို လုယူစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။

“သူတို့နှစ်ယောက်က ဘဏ်ထဲကို၀င်လာပြီး ပစ္စတိုသေနတ်အတုနဲ့ ဓားမြှောင်ပြပြီးတော့ ပိုက်ဆံတွေယူ‌တာ။ ယူပြီးပြေးဖို့ ကြံနေတုန်းမှာ ရဲနဲ့စစ်သား(စစ်ကောင်စီလက်အောက်ခံရဲနှင့်စစ်ကောင်စီတပ်သား)တွေ ရောက်လာပြီး ဖမ်းမိခဲ့တာ။ နှစ်ယောက်လုံးက အသက်မပြည့်သေးဘူး။ အခုတော့ စခန်းမှာချုပ်ထားတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

CB ဘဏ်ကို လုယက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ သူထူးအောင် (၁၅) နှစ်နှင့် သန့်စင်အောင် (၁၄) တို့ဖြစ်ပြီး ပုဇွန်တောင်မြို့ နယ်အတွင်းနေထိုင်သူများဖြစ်ကာ လက်ရှိတွင် ရဲစခန်း၌ ချုပ်ထားကြောင်း သိရသည်။

ဓာတ်ပုံ-PAN
#ရန်ကုန်တိုင်း #ပုဇွန်တောင်မြို့နယ် #CBဘဏ် #လုယက် #အသက်မပြည့် #လူငယ်၂ဦး #ဖမ်းမိ #Ayeyarwaddy_Times