ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မတ်လ ၁ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်‌ပွားခဲ့ကြောင်း သတင်းရရှိသည်။

ငှက်ပျောတောကျေးရွာအနီးသို့ နယ်မြေကျူးကျော်လာသည့် အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ)က ငှက်ပျောတောရွာကို စစ်ကြောင်းထိုးပြီး နယ်မြေကျူးကျော်လာတာပေါ့။ တိုက်ပွဲကတော့ ခနဖြစ်သွားသေးတယ်။ အင်အား ၈၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ကောင်စီဘက်က ၁ ယောက်သေတယ် ၂ ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။”လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ဒေသခံများ၏ ခြံအချို့အားမီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရှိရပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွာများမကြာခနဖြစ်ပွားပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ဘီလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်သားများ(ပုံအဟောင်းကိုပြန်လည်အသုံးပြုထားပါသည်)။