ဧရာ၀တီတိုင်းမ်
မတ်လ ၁ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ကျေးရွာအနီးတွင် ယနေ့ မတ်လ ၁ရက်နေ့ နံနက် ၃နာရီခန့်က ရှပ်ပြေးရေယာဥ်တစ်စီးနစ်မြုပ်ခဲ့ပြီး ခရီးသည် လေးဦးပျောက်ဆုံး လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
မြောင်းမြမြို့နှင့် လပွတ္တာမြို့ ကြားပြေးဆွဲနေသော လှိုင်းရာဇာ-၂ ရှပ်ပြေးရေယာဥ်သည် မြောင်းမြမြို့မှ တင်ဆောင်လာသည့် ဘိလပ်မြေအိတ် ၁၀၀ ကို ပြင်ရွာဆိပ်ကမ်းတွင် ချရန်အတွက် ကမ်းကပ်နေစဥ် ရေ၀င်နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနက်အစောကြီး မြုပ်သွားတာ။ ရေပေါ်ပေါ်နေတဲ့သင်္ဘောကပစ္စည်းတွေ ဆီပုံးတွေနဲ့ လူ ရှစ်ဦးကိုတော့ကယ်ထားတယ်။ ကျန်တာတွေကိုတော့ စက်လှေတွေနဲ့ရှာ ပေးနေတယ်” ဟု ဒေသခံရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူလေးဦးမှာ လပွတ္တာမြို့ရှိ ဒေါ်သန်းသိန်း ၆၀ နှစ် ၊ မနှင်းလဲ့ဝေ ၃၃ နှစ် တို့ဖြစ်ပြီး ကလေးငယ်နှစ်ဦးမှာ မောင်ဇွဲမာန်အောင် ၆ နှစ် နှင့် မခက်စစ်မာန် ၂ နှစ်တို့ဖြစ်ကြောင်းသိရသည်။
“လက်ရှိ ကယ်ထားတာတော့ ရေယာဥ်လုပ်သာ သုံး ဦး ခရီးသည်ငါး ဦးကိုကယ်တင်နိုင်တယ်။ ကလေးငယ်နှစ်ဦး နဲ့ လူကြီးနှစ်ဦးကိုတော့ ရှာဖွေနေတုန်းပါ” ဟု ဒေသခံ လူမှုကူညီရေး အဖွဲ့၀င်တစ်ဦးကပြောသည်။
လက်ရှိတွင် ရေယာဥ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူများကို ဒေသခံများအပြင် မြောင်းမြမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ရဲတပ်ဖွဲ့ဝင်များပါ ရှာဖွေလျှက် ရှိကြောင်း ဒေသခံများထံက သိရသည်။
#ဧရာ၀တီတိုင်း #မြောင်းမြမြို့ နယ် #လပွတ္တာမြို့နယ် #ရှပ်ပြေးရေယာဉ် #နစ်မြုပ် #၄ဦးပျောက်ဆုံး #Ayeyarwaddy_Times