ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ခေတ်မီဒုံးပစ်စနစ်လေးစုံ အပါအဝင် ယူကရိန်းသို့ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ စစ်လက်နက်ကိရိယာ တွေ ထပ်မံ ပေးပို့မယ်လို့ အမေရိကန်အစိုးရက ဇူလိုင်လ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီစစ်လက်နက်တွေက အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသက ရှေ့တန်းစစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်ဖွဲ့တွေအတွက် အထောက်အကူပြုမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒွန်ဘတ်စ်ဒေသ လူဟန့်ခ်ပြည်နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ရုရှားနိုင်ငံက ဒီသီတင်းပတ်အ တွင်း ကြေညာပြီးနောက် အမေရိကန်က စစ်ရေးအကူအညီ ပေးပို့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ပြည်နယ်တွင်းရှိ နေရာအချို့ကို ထိန်းချုပ်ထားဆဲဖြစ်ပြီး ကျေးရွာတွေမှာ ပြင်း ထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေဆဲပဲလို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားကွပ်ကဲမှုဌာနချုပ်တွေ၊ ထောက်ပံ့ပို့ဆောင်ရေးနေရာတွေကို ပစ်ခတ်ဖို့ HIMARS ဒုံးပစ်စနစ်လေးခု ပေးပို့မှာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို အဲဒီဒုံးပစ်စနစ်နဲ့ပတ်သက်တာတွေ လေ့ကျင့်ပေးနေတယ်လို့ အမေ ရိကန် တာဝန်ရှိသူက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းတပ်ဖွဲ့တွေကို မကြာသေးမီက တာဝေးပစ်ဒုံးကျည်တွေနဲ့ နာရီပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဒွန်ဘတ်စ်ဒေသမှာ ရုရှားဗျူဟာမြောက်တပ်ရင်း ၁၅ ရင်းခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။
ရုရှားစစ်တပ်နဲ့ လက်နက်အင်အား၊ လူအင်အား ကွာဟချက်ကျဉ်းမြောင်းစေဖို့ လက်နက်ခဲယမ်းတွေနဲ့ ခေတ်မီဒုံးပစ်စနစ်တွေ မြန်မြန်ဆန်ဆန် ပေးပို့ကြဖို့ ယူကရိန်းခေါင်းဆောင်တွေက အနောက်မဟာမိတ်တွေကို လူသိရှင်ကြား တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ကHIMARS ဒုံးပစ်စနစ်တွေအပြင် ၁၅၅ မီလီမီတာအမြောက်ကျည် ၁၀၀၀၊ မော်တော်ကား သုံးစီး၊ ရေဒါစနစ်တွေနဲ့ အစိတ်အပိုင်းတွေလည်း ယူကရိန်းကို ပေးပို့မှာဖြစ်ပါတယ်။
ကိုးကား – Washington Post
Ref; US sending $400 million more in military aid to Ukraine