ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်

အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသအချို့တွင် အစိုးရလုပ်ငန်းဆောင်တာများ အဆက်အသွယ်မပြတ်စေရန် အဓိကဦးစားပေးအနေဖြင့် အင်တာနက်ရရှိအောင် လုပ်ဆောင်ပေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုဒေသအတွင်းရှိ NUG အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန်နှင့် ပညာသင်ကြားရေး​များတွင် သုံးစွဲနိုင်ရန် မြို့နယ် ၁၅ မြို့နယ်ထက်မနည်း စတင်လုပ်ဆောင်ပေးနေပြီဟု NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန ဝန်ကြီး ဦးထင်လင်းအောင်က ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည့် Global Town Hall အစီအစဉ်တွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

“အခုလောလောဆယ်တော့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေပေါ့နော်။ အဲမှာမှ စစ်ရေးအရ Concatenation ပေါ့။ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မပြတ်ဖို့ရယ်၊ ပြီးတော့ အစိုးရဌာနအချင်းချင်း ချိတ်ဆက်မှုတွေမပြတ်ဖို့ အဲဒါတွေကို ပထမဦးစားပေးအနေနဲ့ တပ်ဆင်ပေးနေတာတွေ ရှိတယ်ပေါ့နော်။ Public Service ပေးဖို့ကိစ္စကတော့ ဒုတိယဦးစားပေးပေါ့နော်။ ပထမအဆင့်အနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ အဆက်အသွယ်မပြတ်စေဖို့ အဓိကဦးစားပေး ဆောင်ရွက်နေတာတွေရှိတယ်။ ကျန်တဲ့ကိစ္စတွေက သိပ်အများကြီး ပြောလို့မရသေးပါဘူး” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မ​ကွေးတိုင်းအတွင်းရှိ မြို့နယ်များအပါအဝင် စသည့်မြို့နယ်အများစုတွင် လက်ရှိအချိန်ထိ အင်တာနက်ဖြတ်တောက်ထားပြီး အချို့ဒေသများတွင် ဖုန်းလိုင်းများပါ ဖြတ်တောက်ထားကြောင်း သိရသည်။

“အင်တာနက်မရလို့ အိမ်မှာ Wi-Fi တပ်တဲ့သူက တပ်ပေါ့။ Wi-Fi မယူနိုင်တဲ့ သူတွေကတော့ လက်ဖက်ရည်ဆိုင်လို ရတဲ့နေရာသွားပြီး သုံးရတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လောက်ကတည်းက ဖြတ်ခံရတာ။ ငွေလွှဲငွေထုတ်နဲ့ ဓာတ်ပုံ၊ video တွေ ပေးပို့ရာမှာ အခက်အခဲဖြစ်တာပေါ့” ဟု အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုမှ မြို့ခံပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ဝါရှင်တန်ဒီစီ NUG အစိုးရရုံးတွင် အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရာတွင်လည်း စစ်ကောင်စီကို ဖယ်ရှားနိုင်ရေးအတွက် နည်းပညာအသုံးချမှု အပါအဝင် အချက် ၃ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။