ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရွာသားများကို လူသားတံတိုင်းပြုလုပ်၍ ဆုတ်ခွာသွားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းအချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ ဒါလီကျေးရွာနှင့် ထီးမူးခီးကျေးရွာကို စစ်ကောင်စီတပ် များ စစ်ကြောင်းထိုး၀င်ရောက်လာ၍ မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စစ်သားတွေကို ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်ပြီးတိုက်ခိုက်ကြတာ။ ပိတ်မိပြီး အကုန် သေကုန်တော့မယ်အချိန် ရွာထဲကလူတွေကိုဖမ်းပြီး အကာအကွယ်ယူ ပြန်ထွက် ပြေးသွားကြတာ” ထီးမူးခီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီ တိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ပွဲတွင် ဇရဲအခြေစိုက် ခမရ (၅၅၆)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးဆောင်သည့် တပ်သား အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခုလက်ရှိအချိန်ထိ ရွာသူ၊ ရွာသားတွေ အမျိုးသမီးနဲ့ ကလေးငယ်အပါအ၀င် ၆ ယောက်လောက်ပျောက် နေတယ်” ဟု NUG ကာကွယ်ရေး၀န်းကြီးဌာနက ဆိုထားသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ကျေးရွာအတွင်း၌ ပိတ်မိနေသည့် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူများကို လူသားတံတိုင်းပြုလုပ်၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို ဖော်ပြထား ခြင်းမရှိပေ။