နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြဝတီ)/ဖေဖော်ဝါရီ ၁၀ ရက်
ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ထီးကပလယ် စစ်ကောင်စီစခန်းကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့ဝင်များမှဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဝင်ရောက် တ်ိုက်ခိုက်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များပြီး KNDO ဘက်ကလည်း ရဲဘော် ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
အမည် မဖော်လိုသူ PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်းဖေဖော်ဝါရီလ ၈ ရက်နေ့ည ကတည်းက တိုက်ပွဲက ဖြစ်နေတာ ကျွန်တော်တို့ KNDO ၊ PDF ပူးပေါင်းအဖွဲ့က နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတာ၊ စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးနေတဲ့ နေရာတွေကို လိုက်တိုက်နေတာ ကရင်ပြည်နယ် ထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်က စစ်ကြောင်းထိုးတာတွေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခက်နေတာကြောင့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရင်း ထိတွေ့တိုက်ပွဲများ ဖြစ်နေတာဖြစ်ပြီး ယနေ့ အချိန်အထိတော့ တိုက်ပွဲက ဖြစ်နေတုန်းပဲဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ညတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေး အဖွဲ့ဘက်ကလည်း ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး ကျန် ၂ ဦးကတော့ စိုးရိမ်ရသည့် အခြေအနေ မရှိ ဟုလည်း ဆိုသည်။
ကရင်ပြည်နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်များမှာ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြရာ ဒေသခံ စစ်ဘေး ဒုက္ခသည် ၃၀၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်းလည်း နယ်မြေ သတင်းများအရ သိရသည်။