နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်က သေနတ်ထုတ်ပေးထားတဲ့ စစ်ကောင်စီတပ်သတင်းပေး တွေက ဒေသခံပြည်သူတွေကို ဓါးပြတိုက်စားတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်နဲ့ တွံတေးမြို့နယ်ကြားမှာရှိတဲ့ ကရင်ချောင်းကျေးရွာက နေအိမ် တစ်အိမ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီလက်နက်ထုတ်ပေးထားတဲ့ သတင်းပေးတွေက ဝင်ရောက်ဓါးပြတိုက်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် နေအိမ်ပိုင်ရှင် အမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်တာတွေပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီမြို့နယ်ထဲမှာတော့ ဓါးပြတိုက်နေတာ ၄ ကြိမ်ရှိသွားပြီး၊ စစ်ကောင်စီကထုတ်ပေးထားလက်နက်ထုတ်ပေး ထားတဲ့သူတွေလို့ ဘာလို့ပြောလို့ရလည်းဆိုတော့ သူတို့ကိုင်တဲ့ လက်နက်က စစ်ကောင်စီတပ်က အရာရှိတွေ ကိုင်တဲ့ ကိုးမမ ပစ္စတိုသေနတ်နဲ့ အတူတူဖြစ်နေလို့ပါ၊ မနေ့က ည ၈နာရီလောက်မှာဝင်တိုက်ပြီး အမျိုးသမီးကို ပစ်သွားတာလည်း သူတို့အဖွဲ့ပါ”လို့ မျက်မြင်တွေ့သူ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်နက်ထုတ်ပေးထားတဲ့ သတင်းပေး ဓါးပြအဖွဲ့က ကရင်ချောင်းကျေးရွာကို ဓါးပြဝင်တိုက်တာ ၄ ကြိမ်ထိရှိလာပြီဖြစ်ပြီး တိုက်တဲ့အချိန်တွေက လူသွားလူလာ မပြတ်တဲ့ ည ၈နာရီအချိန်လောက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ခေတ္တိယစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လုံခြုံရေးစောင့်နေတဲ့ ရဲတွေရှိပေမယ့် ဓါးပြတိုက်တဲ့ အဖွဲ့ကို ဖမ်းဆီးတာမျိုး အခင်းဖြစ်တဲ့နေရာကို ရောက်လာတာမျိုး မရှိတာကြောင့် ဓါးပြတိုက်တဲ့သူတွေက ပိုရဲတင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးမှု၊ ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ အဖြစ်များလာပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်တာမျိုး မရှိတာကြောင့် ခုလိုမျိုး ဓါးပြတိုက်တဲ့အထိ ဖြစ်ပွား လာတာလို့ ဆိုပါတယ်။