ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၈ ရက်
မတူပီမြို့နယ်၊ ဇိုတုန်နယ်တွင် CDF-Zotungနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် CDF-Zotung တပ်ရင်းမှူး ဆလိုင်းသိန်းလွင် ကျဆုံးခဲ့ကြောင်း သိရသည်။
CDF-Zotung တပ်ရင်းမှူး ဆလိုင်းသိန်းလွင်သည် ရှေ့တန်းတစ်နေရာတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ရက်စွဲဖြင့် CDF-Zotungက ထုတ်ပြန်ထားသည်။
မတူပီမြို့ဘက်မှ ဇိုတုန်နယ်ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် CDF-Zotung တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ ကြောင်း CDF-Zotung ပြန်ကြားရေးတာဝန်ခံထံက သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းဟာကာလျန်းကိုလည်း ဖမ်းဆီး သတ်ဖြတ်၍ ကျဆုံးခဲ့ရပြီး လက်ရှိတွင် CDF-Zotungနှင့် စစ်ရေးတင်းမာနေကြောင်းဒေသခံများက ပြောဆိုသည်။
ရှေ့တန်းတွင် ကျဆုံးခဲ့ရသည့် CDF-Zotung တပ်ရင်းမှူးဆလိုင်းသိန်းလွင်သည် ကလေးမြို့ ကွန်ပျူတာတက္ကသိုလ်တွင် ပညာသင်ကြားနေသော စတုထ္ထနှစ်ကျောင်းသား တစ်ဦးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။