ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ ခုံကြီးကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦးကို လေးလကျော်ကြာဖမ်းဆီးထားပြီး ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ ဟင်္သာတထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။
“သူကရာအိမ်မှူး ဆိုပေမယ့် အနေအေးပါတယ်။ ဘယ်သူက လိမ်ပြီးသတင်းပေးလိုက်လဲမသိဘူး။ စစ်တပ်အင်အားအပြည့်နဲ့လာဝိုင်းပြီး သူနဲ့အတူ ရွာသား ၄ ဦးကိုဖမ်းသွားတာ။ ကျန်တဲ့လူတွေပြန်လွတ်ပြီးသူ့တစ်ယောက်ကိုပဲ PDF ထောက်ပံ့တယ်ဆိုပြီး ထောင် ၁၀ နှစ်ချလိုက်တာ စစ်ကောင်စီက သူ့ခန့်ထားတဲ့ရာအိမ်မှူးလဲ မထားဘူး မထင်သလိုလုပ်မှာပဲ”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
၂၀၂၂ နို၀င်ဘာလ ၁၉ ရက်နေ့က စတင်ဖမ်းဆီးခံခဲ့ရတဲ့ရာအိမ်မှုး ဦးမြင့်ဦး ကို လက်ရှိအချိန်အထိ မိသားစုနဲ့တွေ့ခွင့်မပေးဘဲ ဟင်္သာတထောင်တွင်းတရားရုံးက အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့တရားစွဲခဲ့ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဦးမြင့်ဦးဟာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့အတွက် သူ့ရဲ့ကျန်းမာရေးအခြေအနေကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ခုံကြီးကျေးရွာအနီး သစ်တောတွေအတွင်းမှာ PDF တွေကို
လက်ခံထားတယ်လို့ စွပ်စွဲပြီး ခုံကြီးဘိနယ်သစ်တောတာ၀န်ခံ ဦးနေစိုးနိုင် ကိုကြံခင်းမြို့နယ် သစ်တောဦးစီးရုံး အ စည်းအဝေးကအပြန်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေကဖမ်းဆီးခဲ့ပါသေးတယ်။
“ကြံခင်းမြို့နယ်ထဲမှာ အဖမ်းခံရတဲ့ လူတော်တော်များများကို ဟင်္သာတထောင်ကို ပို့တယ်။နိုင်ကျဥ်းတွေ အားလုံးကို ထောင်ဝင်စာပို့ခွင့်လောက်ပဲရတယ်။မိသားစုတွေနဲ့ ပေးမတွေ့ဘူး။ ဦးနေစိုးနိုင်ဆိုရင်လည်း အခုထိမိသားစုနဲ့ တွေ့ခွင့်မရဘူးလို့ကြားတယ်”လို့ ကြံခင်းမြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ကြံခင်းမြို့နယ်မှာ စစ်အာဏာသိမ်းယူခံရပြီးနောက်ပိုင်းလူနေအိမ် ၁၅ လုံးခန့်ကို PDF တပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်လို့ စွပ်စွဲကာ စစ်ကောင်စီကချိပ်ပိတ်ထားတယ်လို့သိရပြီးမတရားဖမ်းဆီးမှုတွေကိုလဲ စစ်ကောင်စီက မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ ကြံခင်းမြို့နယ်အနောက်ဘက် သစ်တောတွေအတွင်းကို တစ်လတစ်ကြိမ်နီးပါး စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။