ဧရာဝတီတိုင်းမ်
ဇန်ဝါရီလ ၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူမှာ အသက် ၃၅ နှစ်အရွယ် ချောင်းသာဒေသခံ PDF ဟောင်း ကိုဝေယံဖြိုးဖြစ်ကြောင်း သတင်းရရှိသည်။

ကျဆုံးသွားခဲ့သူ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးမှာ ချောင်းသားဒေသခံတစ်ဦးဖြစ်ကာ Pathein Western Defense Force – PWDF တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက ပန်းတနော်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ကြောရေးစခန်းတွင် ၃ လကြာ နှိပ်စက်ညှဉ်းပန်းစစ်ဆေးခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ပုသိမ်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်ညွှန်မှူးဦးဆောင်သည့် ထောင်တာဝန်ရှိသူများက ဇန်နဝါရီလ ၅ ရက်နေ့က အချုပ်ဆောင်အတွင်းမှ ခေါ်ထုတ်ကာ နာရီပေါင်းများစွာ ရိုက်နှက်ညှဉ်ပန်းနှိပ်စက်သည့်ကိစ္စနှင့်ပတ်သတ်၍ ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ပုသိမ်ထောင်၌ ထောင်ဆူမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ထောင်ဆူပူမှုကို ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီကျော်အချိန်တွင် ထောင်တွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာမှ ကိုဝေယံဖြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

“သူက ပန်းတနော်မှာ အဖမ်းခံလိုက်ရတာ။ သူ့ကို စစ်ကြောရေးမှာ ၃ လတောင် ညှဉ်းပန်းနှိပ်စက်ပြီး စစ်ခဲ့တာ။ ပုသိမ်ထောင်ကို ရောက်တာ မကြာသေးဘူး။ ဒီမနက်မှာ ရဲတွေပစ်လို့ သေနတ်သုံးချက်တောင်မှန်တယ်လို့ သိရတယ်။ သူ့မိဘတွေလည်း ကိုဝေယံဖြိုးသေတာ သိသွားပြီ။ အလောင်းကို ကြည့်ခွင့်တောင်းနေတယ်။ ခုထိတော့မရသေးဘူး”ဟု ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်အကျဥ်းထောင်၌ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့သည့်အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် နိုင်င့ရေးအကျဉ်းသား ကိုဝေယံဖြိုး ကျဆုံးခဲ့သလို အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရများထဲမှ ဒဏ်ရာပြင်းထန်သူအကျဉ်းသား ၁၃ ဦးကို ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်းနှင့် အကျဉ်းသား ၄ ဦးမှာ သေနတ်မှန်ဒဏ်ရာကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်။

#ပုသိမ် #ထောင်ဆူမှု #အကျဉ်းသား #သေဆုံး #Ayeyarwaddy_Times