ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဥ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက အကျဥ်းထောင်ဆူပူမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦး သေဆုံးခဲ့သလို အခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်အကျဉ်းထောင်ဆူပူမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အင်အား ၃၀ ခန့် ထောင်အတွင်း ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် အကျဉ်းသား ၁ ဦးသေဆုံးခဲ့ကာ ၆၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရများထဲမှ ဒဏ်ရာပြင်းထန်သူအကျဉ်းသား ၁၃ ဦးကို ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးကုသမှုခံယူနေရကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်။

“ပစ်ခတ်မှုကြောင့် ၁ ယောက်သေတယ်။ ဓာတ်မှန်ခန်းထဲမှာ ၆ ဦး၊ အနီရောင်အဆင့်က ၄ ဦးနဲ့ လိမ္မော်ရောင်အဆင့်က ၃ ဦးနဲ့ ဆေးရုံအသစ်ကြီးမှာ ကုသနေတယ်။ လုံခြုံရေးက အပြည့်ချထားတယ်”ဟု ပုသိမ်အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြို့ခံတချို့ကလည်း အကျဉ်းသား ၂ ဦး သေဆုံးပြီး ၁ ဦး၏အလောင်းမှာ ရင်ခွဲရုံသို့ပင် ရောက်ရှိနေသည်ဟု ပြောဆိုသော်လည်း ဧရာ၀တီတိုင်းမ်အနေဖြင့် အကျဉ်းသား ၁ ဦးသေဆုံးသည်ကိုသာ အတည်ပြုနိုင်သေးသည်။ သေဆုံးသူ အကျဉ်းသားအမည်ကိုလည်း အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၅ ရက်နေ့က ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်မှူးနှင့် ထောင်၀န်ထမ်းများက အချုပ်ဆောင်အတွင်းမှ ထုတ်၍ ခေါ်ယူရိုက်နှက် ခဲ့ကြောင်း၊ မနက်မိုးလင်းချိန်တွင် အကျဉ်းသား ၇ ဦးကိုသာ အချုပ်ဆောင်အတွင်းသို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသည့် ကိုဝင်းထွန်းနိုင်(ခ)ခေါလေးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၇ ဦးမှာ ထောင်မှူးနှင့် ထောင်ဝန်ထမ်းများ၏ ရိုက်နှိပ်နှိပ်စက်ခံရမှုကြောင့် သတိလစ်မေ့မျောကာ သွားများမရှိတော့ပဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေအထိ ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးမှာ အချုပ်ဆောင်အတွင်း ပြန်ရောက်မလာကြောင်း၊ ထို့ကြောင့် ဇန်နဝါရီလ ၆ ရက်နေ့မနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများက ယင်းကိစ္စကို မကျေနပ်၍ တောင်းဆိုဆန္ဒပြရာမှ ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က အကျဉ်းထောင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏သတင်းထုတ်ပြန်ချက်တွင်မူ ပုသိမ်ထောင်ရှိ အကျဉ်းသားတစ်ဦးထံမှ Keypad ဖုန်းတစ်လုံး သိမ်းဆည်းရမိမှုအပေါ် လိုအပ်သလိုအရေးယူရန် ဆောင်ရွက်နေစဉ် ယင်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိ၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားများဘက်မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ရဲတပ်ဖွဲ့က ထောင်သားများကို ဖြောင်းဖျသော်လည်း မလိုက်နာဘဲ အိပ်ဆောင်ကွပ်ပျစ်များကို ရိုက်ချိုးခြင်း၊ သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေအုတ်ကျိုးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက်သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်း၊ တုတ်/ဒိုင်းများ အသုံးပြု ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အဓိကရုဏ်းဖြစ်နေစဉ် အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရိုက်နှက်၍ အကျဉ်းသား ၁ ဦး သေဆုံးခြင်းဖြစ်ကြောင်း၊ အကျဉ်းသားသေဆုံးမှုမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရဲကားတွေ ထောင်ထဲဝင်သွားပြီးတော့ သေနတ်တွေနဲ့ ပစ်တာ။ သေတဲ့အကျဉ်းသားမှာ သေနတ်ဒဏ်ရာ ၃ ချက်တောင် တွေ့တယ်လို့ ကြားတယ်။ မိသားစုက သေပြီဆိုတာတော့ သိသွားပြီ။ ဒါပေမယ့် လုံး၀ကို တွေ့ခွင့် မပေးသေးဘူး။ သေနတ်ဒဏ်ရာတွေ့တယ်ဆိုတော့ သူတို့ (ရဲတွေ) မပစ်လို့ ဘယ်သူပစ်မှာလဲ။ လုပ်ရဲရင် ခံရဲရမှာပေါ့။ သူတို့ပစ်လို့သေပြီးမှ အကျဉ်းသားအချင်းချင်း ရန်ဖြစ်ပြီးသေတယ်ဆိုပြီး ဗြောင်လိမ် နေသေးတယ်”ဟု ပုသိမ်ဆေးရုံကြီးနှင့်နီးစပ်သည့်မြို့ခံတစ်ဦးက ပြောသည်။

#ပုသိမ် #ထောင်ဆူမှု #အကျဉ်းသား #သေဆုံး #AyeyarwaddyTimes