နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)/ ဇန်နဝါရီ ၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ဖောင်းကတာနှင့် ဘင်္ကားကျေးရွာများသို့ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်မီးရှို့နေသဖြင့် ဒေသခံ ၁ သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်မှာ မုံရွာမှတဆင့် ရေကြောင်းဖြင့်စုံဆင်းလာပြီးနောက် ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းတွင် ဖောင်းကတာကျေးရွာသို့ဝင်ရောက် ညအိပ်တပ်စွဲပြီးနောက် ယနေ့မနက်ပိုင်းတွင် ဖောင်းကတာနှင့် အနီးနားရှိ ဘင်္ကားရွာကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖောင်းကတာရွာနဲ့ ဘင်္ကားရွာကို စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ ကျော်နဲ့ မီးဝင်ရှို့နေတာ။ အခုလက်ရှိ အိမ်ခြေ ၃၀ ကျော် မီးလောင်သွားပြီ။ အဲ့စစ်ကြောင်းက မုံရွာကနေ မော်တော်နဲ့ စုံဆင်းလာတဲ့စစ်ကြောင်း။ အင်အား ၁၀၀ ကျော်ပါတယ်။ အခုတော့ အနီးနားဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်းနေရတယ်ဟု ဓားမဆိုင်းတပ်မတော် D.M.S.Aအထူးတိုက်ခိုက်ရေး ယင်းမာပင်ခရိုင် အမှတ်တပ်ရင်း ၂၈ မှ ဗိုလ်ထွဋ်ခေါင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များမှာ ဖောင်းကတာနှင့် ဘင်္ကားရွာကို ဝင်ရောက်မီးရှို့သည့်အပြင် ဒေသခံ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များမှာ ၂၀၂၂ ခုနှစ်အတွင်းက လက်ပံတောင်းတောင်ဒေသရှိ ဆည်တဲ၊ မိုးကြိုးပြင်၊ ဇီးတောနှင့် ဖောင်းကတာကျေးရွာများအား ၃ ကြိမ်တိုင် ဝင်ရောက်စီးနင်းကာ လုယက်ဖျက်ဆီးမီးရှို့မှုများ ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ၄ ကြိမ်မြောက် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကလည်း တောကျောင်း၊ အလယ်ရွာ၊ ထန်းတောကြီးနှင့် တုံရွာတို့ကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။ ထို့နောက် စစ်တပ်ပြန်ဆုတ်သွား ပြီးနောက် ကျေးရွာများ၌ ပြန်လည်နေထိုင်နေစဉ် စစ်တပ်က ယခုလို ထပ်မံလာရောက်မီးရှို့ခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်းတောင်ဒေသတွင် တရုတ်အစိုးရနှင့် စစ်တပ်ပိုင် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ဒေသခံ PDF များ တားမြစ်နေသည့်ကြားမှ ကြေးနီတူးဖော်မှုများ ဆကျလကျပွုလုပျနပွေီး ကားများဖြင့် ကြေးနီများကို မုံရွာမှတဆင့် တရုတ်ပြည်ကို သယ်ဆောင်မှုများ ပြုလုပ်နေသည်။

အဆိုပါ ကြေးနီသယ်ဆောင်သည့်ကားများနှင့် ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ PDF များက ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်သည့်အခါတိုင်း စစ်တပ်က စီမံကိန်းအနီးမှ မိုးကြိုးပြင်၊ တုံရွာ၊ တောကျောင်း၊ ဆည်တဲ၊ ဇီးတော၊ ဖောင်းကတာ၊ အလယ်ရွာ၊ ထန်းတောကြီးစသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီး မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
#Ayeyarwaddy_Times