ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေကို စက်ဘီးစီးတဲ့ အခါ ဘဲမပါလာရင် ဖမ်းဆီးဒဏ်ရိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်ဘီးစီးတဲ့အခါ ဘဲလ်မပါလာရင် ဖမ်းဆီးပြီး ဒဏ်ငွေ ၃ ထောင်ကနေ ၁ သောင်းကြားထိ တောင်းယူ နေပြီး ဘဲလ်ပါလာရင်လည်း ခြေနင်းတုံပါ မပါစစ်ပြီး ဒဏ်ငွေရိုက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ခုကဘာမှန်းကို မသိတော့ပါဘူး စက်ဘီးစီးတာ ဘဲလ်မပါတာကအစ ဖမ်းနေတော့ အေးဓါးမြတိုက်သလို ဖြစ်နေတယ် ဆိုင်ကယ်တွေဖမ်းတာတော့ထားပါတော့ စက်ဘီးဆိုတာက အခြေခံလူတန်းစားတွေအတွက် မဖြစ်မနေလိုအပ်တဲ့အရာပါ ခုက သူတို့လုပ်တာနဲ့ မစီးရဲသလောက်ဖြစ်နေပြီ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပေါင်းပြီး မြို့ရဲ့ လူစည်ကားတဲ့ နေရာတွေမှာ နေ့စဉ်ဆိုသလို စစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
ဆိုင်ကယ်တွေစီးတဲ့အခါမှာလည်း ဆိုင်ကယ်ဦးထုပ်၊ ဘက်မှန်၊ ခြေနင်းတုံး မပါရင် ဒဏ်ငွေရိုက်တာတွေ ပြုလုပ်နေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။