ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဥ်းသားများအနက် NLD ပါတီရဲ့ ဗဟိုကော်မတီ၀င် ပန်းတနော်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်ကိုဒီဇင်ဘာလ ၂၁ ရက်နေ့က ထောင်တွင်းတရားရုံးထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

“သူ့ကို စွဲတဲ့အမှုက CRPH ဖွဲ့တဲ့အထဲမှာပါလို့။ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ ၊ ၁၂၄ နဲ့ ၁၀ နှစ်ချလိုက်တာ။ ထောင်ထဲမှာ နေတာ အမိန့်မချခင်အထိ တစ်နှစ်နဲ့ လေးလလောက်ရှိနေပြီ”လို့ အကျဥ်းဦးစီးဌာနက နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အသက် ၇၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါက်တာတင်မင်းထွဋ်မှာ NLD ပါတီ စတင်တည်ထောင်စဥ်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ပါတီရဲ့ဗဟိုကော်မတီ၀င်နဲ့ ဧရာ၀တီတိုင်း NLD ရဲ့အထွေထွေအတွင်းရေးမှူး အဖြစ်တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၂၀ ရွှေးကောက်ပွဲမှာ ပန်းတနော်မြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ NLD ပါတီ နဲ့ နီးစပ်သူတွေကပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊မေလ ၁၅ ရက်နေ့ ည ၉ နာရီခွဲ အချိန်မှာ ဒေါက်တာတင်မင်းထွဋ် နေထိုင်တဲ့ ပန်းတနော်မြို့က နေအိမ်ကို စစ်ကောင်စီအင်အားအများအပြားနဲ့ ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်ကျော် အကြာမှာခုလို ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

#NLD #ဗဟိုကော်မတီဝင် #ဒေါက်တာတင်မင်းထွဋ် #ထောင်ဒဏ် #ချမှတ်
#Ayeyarwaddy_Times