
ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုကြောင့် ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ရေကြည်)၊ စက်တင်ဘာလ ၂၁ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီခန့် ဇရပ်လှအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ပိုင်း ဒေသခံပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူး ဦးတာဘူးကို တော် လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းပြီးနောက်ပိုင်း ၁ ပတ်အတွင်း ဒေသခံပြည်သူ ၃၀ ကျော်လောက်ဖမ်းဆီးခံရတာဖြစ်ပြီး အဲ့အထဲမှာ CDM ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဇရပ်လှအုပ်ကြီး အသတ်ခံရပြီး နောက်ပိုင်း ရွာတွေမှာ အေးဆေးနေတဲ့ပြည်သူတွေကို ဆက်တိုက်ဖမ်းနေတာဗျ။ ကြားရသလောက် အယောက် သုံးဆယ်ကျော်နေပြီ။ ပြည်သူတွေလဲ စိုးရိမ်နေကြတာပေါ့” လို့ ဒေသခံအမျိုးသား တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်း ဇရပ်လှကျေးရွာအုပ်စု၊ ကျုံပတုတ် ကျေး ရွာအုပ်စုနဲ့ ပိတောက်ချောင်းကျေးရွာအုပ်စုက စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေနဲ့ NLD ပါတီရဲ့ ရပ်ကျေးဥက္ကဌတချို့လည်း ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုးမတိုက်ဂါးအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီးနောက်ပိုင်း နောက်တနေ့က စတင်ကာ စစ်ကောင်စီတပ်သားတွေက အင်အား ၃၀ လောက်စီနဲ့ ကျေးရွာတွေကို လိုက်လံပြီး ဒေသခံ လူငယ်အများစုကို စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့ ရိုးမတိုက်ဂါးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
”ကျွန်တော်တို့တွေက ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပါတယ်။ စခတွေ က ဘာမှ မဆိုင်တဲ့ ပြည်သူတွေကို ရမ်းဖမ်းနေတာပါ။ အတော်ဆိုးတဲ့လုပ်ရပ်ပါဗျာ” လို့ ရိုးမတိုက်ဂါး အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းက မြို့နယ်အများစုမှာ စစ်ကောင်စီတပ် သားတွေက အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီသတင်းပေးတွေရှင်းလင်းခံရတိုင်း ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာတွေပြုလုပ်လေ့ရှီ တယ်လို့ ဒေသခံပြည်သူအများစုက ပြောပါတယ်။
#AyeyarwaddyTimes