ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ အိမ်စီးကားတစ်စီးကို မျက်နှာချင်းဆိုင်တိုက်မိ၍ ပေ ၅၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် လူ ခြောက် ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိကာ အခြား ၁၂ ဦး ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က ပြင်ဦးလွင်မှ မန္တလေးသို့ မောင်းနှင်လာသည့် “နယူးမန္တလာထွန်း” YUTONG အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်သည် ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း (၁၉) မိုင်အနီးအရောက်တွင် ဘရိတ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဘရိတ်ပေါက်စဉ် မန္တလေးမှ ပြင်ဦးလွင်ဘက်သို့ တက်လာသည့် ခဲရောင် NISSAN Wingroad AD Van အမျိုးအစား အိမ်စီးယာဉ်ကို မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိပြီးနောက် လမ်းဘေး ပေ ၅၀ ခန့်နက်သော ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် AD Van ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ ၂၉ ဦးအနက် ငါး ဦး၊ စုစုပေါင်း လူ ခြောက် ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
လက်ရှိတွင် မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးယာဉ်များ၊ အုပ်ချုပ်မှုယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ကာ ကျန်ရှိနေသည့် ပျောက်ဆုံးသူ ၁၂ ဦးကို ဆက်လက်ရှာဖွေ ကယ်ဆယ်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ-MFS