ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

ရွေးတုအစိုးရစစ်တပ်ထံ လက်နက်ချ ပူးပေါင်းသွားပြီးနောက် ၈ လနီးပါးတိတိ ပျောက်ကွယ်နေခဲ့သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင်ဟောင်း ဗိုလ်နဂါး (ခ) ထင်လင်းသည် လူမှုကွန်ရက်တွင် ပြန်လည်ပေါ်ထွက်လာပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ပြန်လည်တိုက်ထုတ်သွားမည်ဟု ကြေညာခဲ့သည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက စစ်တပ်ထံ လက်နက်ချပူးပေါင်းခဲ့သူ ဗိုလ်နဂါးသည် လူမှုကွန်ရက် တွင် ထင်လင်းအမည်ရှိ အကောင့်မှတစ်ဆင့် ၁၂ မိနစ်ကျော်ကြာ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့သည်။

 

အဆိုပါ ရုပ်သံဖိုင်တွင် NUG အစိုးရအနေဖြင့် BNRA အား ၎င်းတို့၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက် အောက်သို့ အတင်းအကျပ် ထည့်သွင်းလိုသဖြင့် အမှုဆင်ကာ BNRA တပ်စခန်းများကို စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများအနေဖြင့် ကိုယ်ကျိုးစီးပွားရှာသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၍ BNRA ကို ဖြိုခွင်းခဲ့သည့် အဖွဲ့အစည်းများကို ပြန်လည်တိုက်ထုတ်သွားမည်ဟု ၎င်းက ဆိုသည်။

 

“ကျွန်တော် အင်အားရှိလို့ လုပ်နိုင်လို့ ပြန်လာရင် ကျွန်တော် တည့်တည့်ပြောတာ ဒေသပြည်သူလူထုကို အသုံး ချပြီးတော့ ကိုယ်ကျိုးရှာနေကြတဲ့ အဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ကို ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ အာဏာရူး အဖွဲ့အစည်းတွေကို ကျွန်တော်က ပြန်တိုက်ထုတ်မှာ” ဟု ဗိုလ်နဂါးက ရုပ်သံဖိုင်တွင် ပြောကြားထားသည်။

 

သို့သော်လည်း အဆိုပါ ရုပ်သံတွင်ပင် “ကျွန်တော်လုပ်နိုင်ခဲ့ရင်လို့ ပွင့်ပွင့်လင်းလင်းပြောတာ၊ အခုတော့ ကျွန်တော့်မှာ အဲဒီအခွင့်အရေး မရှိသေးပါဘူး” ဟုလည်း ဆိုထားသည်။ ယင်းအပြင် တော်လှန်ရေးကို စွန့်ခွာသူများ၊ ပြည်ပသို့ ထွက်ခွာသူများနှင့် စစ်တပ်ထံ ဝင်ရောက်သွားသည့် ရဲဘော်များအပေါ် စာနာနားလည်ကြောင်းနှင့် အပြစ်မဆိုလိုကြောင်းလည်း ရွေးတုအစိုးရစစ်တပ်နှင့် ပူးပေါင်းခဲ့သူ ဗိုလ်နဂါးက ဆိုသည်။

အဆိုပါ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် ဗိုလ်နဂါး အစောပိုင်းက အခြေစိုက်လှုပ်ရှားခဲ့သည့် စစ်ကိုင်းတိုင်း၊ ပုလဲနှင့် ယင်းမာပင်မြို့နယ်များတွင် ရွေးတုအစိုးရစစ်တပ်က လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များ ပြန်လည်ဖွဲ့စည်းလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန် နေကြကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများ ရှိနေသည်။

 

ဗိုလ်နဂါး၏ ပြောဆိုချက်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းကို စစ်ရေးကွပ်ကဲသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ သတင်းရင်းမြစ်တစ်ဦးကမူ BNRA အနေဖြင့် ပြန်လည် ဖွဲ့စည်းလာမည့် အရိပ်အယောင် လုံးဝမတွေ့ရကြောင်း ငြင်းဆိုထားသည်။

 

“ပြန်ဖွဲ့တာမျိုး မတွေ့ရဘူး။ သူတို့ထဲက PDF ထဲ ဝင်ရင် PDF ဖြစ်သွားပါတယ်။ မဝင်ဘဲ ရွာမှာ နေလို့လည်းရတယ်၊ ပြစ်မှုရှိတဲ့သူတွေကတော့ ဖြေရှင်းပေါ့” ဟု အမှတ် (၁) စစ်ဒေသ သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကိုင်းတိုင်းအတွင်း BNRA တပ်စခန်းများကို NUG MOD လက်အောက်ခံ တပ်ရင်းများက ဝင်ရောက်စီးနင်းချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် BNRA တပ်ရင်းမှူးများဖြစ်ကြသော တကိုယ်တော် သုဘရာဇာနှင့် ဒေါင်းညိုတို့နှစ်ဦးသည်လည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ထွက်ပြေးလွတ်မြောက် သွားသည်။

 

ပုံစာ-စစ်တပ်ထံ လက်နက်ချသွားသည့် ဗိုလ်နဂါး။