ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရကြောင့် ပြီးခဲ့သည့် သုံးလကျော်အတွင်း နိုင်ငံတဝန်း၌ ခြောက်လအရွယ်အပါအဝင် အသက်မပြည့်သေးသူ ကလေးသူငယ် ၄၂ ဦး သေဆုံး၍ ရခိုင်ပြည်တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျူးလွန်မှုများကို ယခုနှစ်၊ ဇူလိုင် ၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ သုံးလကျော်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် နိုင်ငံတဝန်း၌ ခြောက်လအရွယ်အပါအဝင် အသက် (၁၈) နှစ်အောက် ယောက်ျားလေး ၂၈ ဦးနှင့် မိန်းကလေး ၁၄ ဦး စုစုပေါင်း ၄၂ ဦးထိ သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း AAPP က ဖော်ပြဆိုထားသည်။
ယင်းသေဆုံးသူ ကလေးငယ်များအနက် ရခိုင်ပြည်နယ်တွင် ၁၃ ဦးထိ အများဆုံးဖြစ်ပြီး မကွေးတိုင်းနှင့် ပဲခူးတိုင်း၌ ခုနှစ်ဦးစီဖြင် ဒုတိယအများဆုံးဖြစ်သလို ရွေးတုအစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ အာဏာသိမ်း ငါးနှစ်ကျော်အတွင်း ယမန်နေ့ အောက်တိုဘာ ၁၆ ရက်အထိ ရွေးတုအစိုးရနှင့် ၎င်းတို့လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများအပါအဝင် ပြည်သူစုစုပေါင်း ၈၅၅၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် မတရားသဖြင့် ဖမ်းဆီးခံရသူ ၃၂၁၉၂ ဦးထိရှိပြီး ယင်းအထဲ၌ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ ၁၅၀၈၃ ဦးနှင့် အတည်ပြုနိုင်ရန် လိုအပ်ဆဲ ၇၇၃၂ ဦးရှိကာ ၎င်းတို့ကို AAPP အနေဖြင့် လက်လှမ်းမီသမျှ ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI