ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇူလိုင် ၂၇ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဲခူးရိုးမပေါ်ရှိလေလာမြောင်ရွာကို ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်တပ်သည် K8-W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချခဲ့သည့်အပြင် လေလော မြောင်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ စက်လက်ဖြင့် ၁၀ ချက်ကျော်ခန့် ပစ်ခတ်ခဲ့ရာ မယ်တော်ဂူ ဘုရားကျောင်းပျက်စီးခဲ့ပြီး ဒေသခံ ရှစ် ဦးအစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိသားစု နှစ်စု သေဆုံးခဲ့ပြီး ဦးဝမ်းဇော်(၅၂)နှစ်၊ အက်သည်(၄၁)နှစ်၊ နော်စစ်(၁၈)နှစ်၊ သားစစ်(၁၃)နှစ်၊ နော်ဒါး(၈)နှစ် တို့ပါဝင်သည့် မိသားစုဝင် ငါးဦးနှင့် ဦးထီးစေး(၃၈)နှစ်၊ ဒေါ်သန်းညွန့်(၂၇)နှစ်၊ ဘွယ်နိုစေး(၇) နှစ်တို့ ပါဝင်သည့် မိသားစုဝင် သုံးဦး သေဆုံးခဲ့ရသည်။

 

စစ်တပ်က ယင်းနေ့တွင်ပင် လေလာမြောင်ကျေးရွာအပြင် အခြားနေရာများသို့လည်း လေကြောင်း တိုက်ခိုက်မှု လေး ကြိမ်ပြုလုပ်ခဲ့ရာ စကွယ်ကျေးရွာနှင့် ဆွာတမံကျေးရွာများကိုသာ အတည်ပြုနိုင်ခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း တဲအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်အုပ်စုသည် စစ်အာဏာသိမ်းပြီးကာစမှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၆၊ ဇွန် ၃၀ ရက်နေ့အထိစာရင်းများအရ ၅ နှစ်ကျော်ကြာကာလ အတွင်း ဗုံးကြဲမှု ၁၂၈၉၆ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၅၈၄၆ ဦးအထိသေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အစီရင်ခံစာအရသိရသည်။

 

ဓာတ်ပုံ – ပေးပို့