ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ရက်
မကွေးတိုင်း၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းသို့ ရွေးတုအစိုးရ စစ်တပ်က စစ်ကူအင်အားများ ထပ်မံပို့ဆောင်စဉ် အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်မှုကို ခံရသဖြင့် လေကြောင်းပစ်ကူပါ ခေါ်ယူ နေရကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် ယနေ့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းမှစတင်၍ ဇင်ပြွန်းကျေးရွာဘက်မှ တက်လာသည့် စစ်ယာဉ်တန်းများကို အကာအကွယ်ပေးရန်အတွက် လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပေးနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်တွင် တပ်ပျက်၍ ပြန်လည်ဆွဲထုတ်လာရသည့် စကခ (၁၀) လက်အောက်ခံ တပ်များကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းသို့ ခေါ်ယူလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ယာဉ်တန်းအပြင် နောက်ထပ် စစ်ကား အစီး ၇၀ ခန့်လည်း မစခ (၉၀၅) မှတစ်ဆင့် ပဲခူးရိုးမဘက်သို့ ဆက်လက်တက်ရောက်သွားကြောင်း သိရသည်။

“စကခ (၁၇) မိုင်းပန်က တပ်တွေကို ပြန်ထုတ်နုတ်ဖို့ စစ်ကူတွေ နတ်ရေကန်ဘက် ဆက်တိုက် ထွက်နေရတယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ဇင်ပြွန်းမှ နတ်ရေကန်ဘက်သို့ တက်လာသည့် စစ်ကူယာဉ်တန်းများကို အာရက္ခတပ်တော် (AA) က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရွေးတုအစိုးရ စစ်တပ်ဘက်မှ အထိနာခဲ့သည်။ ထို့ကြောင့် လေကြောင်းပစ်ကူအပြင် မစခ (၉၀၅)၊ ကပစ (၁၄) နှင့် ဇင်ပြွန်းဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့ရသည်။
တိုက်ပွဲများ ခေတ္တငြိမ်သက်နေသည့် နတ်ရေကန်အနီးတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ပန်းတောင်းမှ တပ်ပျက်များပါ ရိုးမအနီးသို့ ရောက်ရှိနေသည့်အတွက် အဆိုပါနယ်မြေတွင် စစ်ရေး ပိုမိုတင်းမာလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
ဓာတ်ပုံ – TNISO