နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

 

ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့သို့ ထိုးစစ်ဆင်နိုင်သည့် လမ်းကြောင်းအဓိကကျသော ယောဒေသအား ထိန်းချုပ်နိုင်ရေးအတွက် ရွေးတုအစိုးရ စစ်တပ်က အင်အားဖြည့်တင်း၍ စစ်ကြောင်း ထိုးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးအကဲခတ်များထံမှ သိရသည်။

 

မကွေးတိုင်းအနောက်ပိုင်း၊ ပုံတောင်ပုံညာ တောင်တန်းနှင့် ချင်းတောင်တန်းများကြား၌ တည်ရှိသော ယောဒေသသည် ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များနှင့် လောင်းရှည်၊ ကျောက်ထု၊ ကျောမြို့များ ပါဝင်သည့် ဒေသဖြစ်ပြီး ရွေးတုအစိုးရ စစ်တပ်က ၎င်းတို့ လက်လွတ် လိုက်ရသော စစ်ရှုံးနယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတင်းအကျပ် ကြိုးပမ်းနေခြင်း ဖြစ်သည်။

 

“ယောမှာ အခြေခိုင်မှ ရမယ်ဆိုတာ သူတို့သိတယ်။ အဲဒါကြောင့် ခြေကုပ်ယူဖို့ ကြိုးစားနေတာ။ တိုက်ပွဲတွေ ပြင်းထန်နေလို့ ယောဒေသမှာ စစ်ရှောင်တွေ များနေသလို စစ်ဒဏ်လည်း ခံနေရပါတယ်။ ဒီနှစ်ပိုင်း ယောဒေသမှာ ခြေကုပ်ယူ အားဖြည့်ပြီးမှ ပွင့်လင်းရာသီရောက်ရင် ချင်းတောင်ပိုင်းကို ထိုးစစ် ဆင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ယောဒေသ နိုင်ငံရေးအကဲခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်း ကျေးရွာ ၃၀ ကျော်မှ အပြစ်မဲ့ ဒေသခံပြည်သူ ၁၀,၀၀၀ (တစ်သောင်း) ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးစစ်ရှောင်နေရပြီး မိုးကာ၊ အစား အသောက်၊ ဆန်၊ ဆီနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသဖြင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက ဝိုင်းဝန်းကူညီပေးနေရကြောင်း သိရသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် လောင်းရှည်၊ ဆော၊ ကျောက်ထုမြို့တို့ရှိ အရေးပါသော ကျေးရွာများနှင့် ချင်းပြည်နယ် မင်းတပ်မြို့သို့ သွားရာ ဆော-ကျောက်ထုကြား ‘ကံကြီးလမ်းဆုံ’ ကို စစ်ကြောင်းထိုး၍ အထိုင်ချထားပြီး ကျောက်ထု-ထီးလင်းအစပ် ရွှေအောင်သာကျေးရွာတွင် တပ်စွဲနိုင်ရေးအတွက် အင်အားအများအပြားဖြင့် ချီတက်လာနေသည်။

 

အဆိုပါ စစ်ကြောင်းသည် ကျောက်ထုမြို့အခြေစိုက် အမှတ် (၃၆၈) အမြောက်တပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ချီတက်လာခြင်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို မတရားလုယူသွားသည့်အပြင် လမ်းကြောင်းရှင်းလင်းသည့် အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

 

“ကံကြီးလမ်းဆုံကနေတစ်ဆင့် မင်းတပ်ကို စစ်ကြောင်းထိုးလို့ရသလို ဆောမှာ အထိုင်ချပြီး ကန်ပက်လက်ကို စစ်ကြောင်းထိုးတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့ဘက်က အကျအဆုံး များတဲ့အတွက် ဆောပတ်ဝန်းကျင်မှာပဲ ဆက်လက်အထိုင်ချ လှုပ်ရှားနေတာပါ” ဟု ဒေသတွင်းရှိ PRA Magway တပ်ဖွဲ့ဥက္ကဋ္ဌ ကိုနေမွန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ယောဒေသကို စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ ဖြစ်လာပြီးနောက် ပြီးခဲ့သည့် ဧပြီလ ကတည်းက စစ်ရေးအရှိန်မြှင့်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် ချင်းပြည်နယ် တောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များကို ထိုးစစ်ဆင်လိုသော်လည်း ယင်းမြို့ နယ်များကို ခုခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည်။

 

စစ်ရေးနှင့် ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိကကျသည့် ယောဒေသကို အပြည့်အဝ ထိန်းချုပ် နိုင်ပါက ချင်းပြည်နယ်ကို နှစ်ပိုင်းခွဲ၍ ဖြတ်သန်းနိုင်မည်ဖြစ်သလို ယင်းမှတစ်ဆင့် အာရက္ခတပ်တော် (AA) စိုးမိုးထားသည့် ရခိုင်ဒေသသို့ ထိုးဖောက်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်ရန် ရွေးတုအစိုးရ စစ်တပ်က ပစ်မှတ် ထားနေကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြထားသည်။

 

“ကျောက်ထုကို ရောက်လာတဲ့ အင်အားတွေကို ကံကြီးဘက်ကို တစ်ဝက်လောက် ခွဲထုတ်လိုက်တာ တွေ့ရတယ်။ အဲဒီကနေတစ်ဆင့် ဆက်သွားမှာပါ။ လောင်းရှည်ဘက်က တက်လာတဲ့ စစ်ကြောင်း ကလည်း ဆောမြို့ကို မရောက်သေးဘဲ လောင်းရှည်အထွက်မှာပဲ တပ်ဖြန့်ထားတဲ့ အနေအထား ရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ချင်းပြည်နယ်၏ ဝင်ပေါက်ဖြစ်သော ကန်ပက်လက်မြို့ကို ၁၂ မိုင်ခန့်သာ ကွာဝေးသည့် ဆောမြို့မှ တစ်ဆင့် ထိုးဖောက်ရန် ကြိုးပမ်းရာတွင် အထိနာစစ်ရှုံးခဲ့သဖြင့် စစ်တပ်က ရှေ့မတိုးဘဲ လမ်းကြောင်း များကို လေကြောင်းဖြင့် ပိတ်ဆို့ထားပြီး ထီးလင်းနှင့် ဂန့်ဂေါမြို့နယ်ဘက်ကိုပါ ထပ်မံဖြတ်တောက် နိုင်ရေး ဗုံးကြဲတပ်ဖြန့်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

“တမင်သက်သက် လမ်းကြောင်း ပိတ်ဆို့ရေးကို အရင်လုပ်တာလို့ ယူဆပါတယ်။ နောက်မှ အင်အားထပ်ဖြည့်ပြီး မင်းတပ်နဲ့ ကန်ပက်လက်ကို ထိုးစစ်မြှင့်မယ့် ပုံစံပါ။ အခုမိုးတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရင်း ရောက်ပြီးသား စစ်ကြောင်းတွေ ပြန်မဆုတ်ရအောင် စစ်ဆိုင် ထားတဲ့ အနေအထားပါပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

 

ထို့အပြင် မကွေးတိုင်း၊ ဆောမြို့မှတစ်ဆင့် AA စိုးမိုးထားသည့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သို့ ရွေးတုအစိုးရ စစ်တပ်က ပြန်လည်စစ်ကြောင်းထိုးနိုင်ရန်နှင့် ဂန့်ဂေါမြို့နယ်အတွင်း လက်လွှတ်ထား ရသည့် စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ပြင်ဆင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်