ဧရာဝတီတိုင်းမ်
ဇွန် ၂ ရက်
မြန်မာနိုင်ငံပိုင်နက်နယ်မြေကိုသုံးပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ် မျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ရွေးတုသမ္မတ မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို ဇွန် လ ၁ ရက်မှာ ကတိပေးလိုက်ပါတယ်။
အိန္ဒိယကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် မိုဒီက ဒေါ်အောင်ဆန်းစု ကြည်အရေးကို ထည့်သွင်းမေးမြန်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ်မစ်ဆ ရီက ပြောပါတယ်။
ဒီဆွေးနွေးမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေအပေါ် အဓိကထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ သဘောထားကတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့၊ အားလုံးပါဝင်နိုင်ဖို့နဲ့ သက်ဆိုင်သူအားလုံး ဝိုင်းဝန်းဆွေးနွေးကြဖို့ ဖြစ်တယ်လို့ ၎င်းက ရှင်းပြပါတယ်။
“ဒီဆွေးနွေးမှုက ပွင့်ပွင့်လင်းလင်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုပြောချင်တာက ကျွန်တော်တို့အနေ နဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်နေတာဟာ အဲဒီနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးအစီအမံတွေအပေါ် ဝေ ဖန်သုံးသပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
မိုဒီက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အိန္ဒိယက ဆက် လက်ထောက်ခံသွားမယ်လို့ ပြောကြားခဲ့သလို နှစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေအ တွက် မိမိတို့ရဲ့ ပိုင်နက်နယ်မြေတွေကို အလွဲသုံးစားလုပ်ခွင့်မပေးဖို့ နှစ်ဖက်စလုံးက အလေးအနက်ထား ဆွေးနွေးခဲ့ကြတယ်လို့ ဗစ်ကရမ်မစ်ဆရီက ဆိုပါတယ်။
“ခြုံပြောရရင် ဒီတစ်ခေါက် မြန်မာသမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ကာလရှည်ကြာရှိခဲ့တဲ့ မိတ် ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ဒေသတွင်း တိုးတက်စည်ပင်ရေး၊ အပြန်အလှန် အကျိုးစီးပွားတွေ အတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကဝတ်ကို အတည်ပြုနိုင်ခဲ့တယ်” လို့ ၎င်း က ပြောပါတယ်။
တနင်္ဂနွေနေ့မှာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဂျစ်ဒိုဗယ်လ်ဟာ မင်းအောင်လှိုင် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ အဓိကအချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – The Hindu
Ref; Myanmar assures India its territory won’t be used against New Delhi’s security interests