ဧရာဝတီတိုင်းမ်
ဇွန် ၂ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းကို ရွေးတုအစိုးရစစ်တပ်၏ သံချပ်ကာယာဉ်များပါ ပါဝင်သည့် စစ်ကားအစီး ၂၀၀ ကျော် စစ်ယာဉ်တန်းများ ဝင်ရောက်လာကြောင်း သိရသည်။
မန္တလေးမြို့မှထွက်ခွာလာသော စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းများပါဝင်သည့် စစ်တပ်၏ ယာဉ်တန်းများသည် မေ ၃၁ ရက်နေ့က နန့်စီးအောင်လမ်းပိုင်းမှတဆင့် မြစ်ကြီးနားမြို့နယ်အတွင်း ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
”အင်နဲ့အားနဲ့ တက်လာကြတာဆိုပေမယ့်လည်း တော်လှန်ရေးဘက်ကတိုက်ခိုက်မှုအပေါ် သူတို့လည်း ချိနဲ့ရုန်းကန်ပြီး မိုးညှင်းကိုအရောက်တက်သွားတာ။ မြစ်ကြီးနားထဲဝင်သွားပြီ ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လမ်းပိုင်းတလျှောက်တွင် အဆိုပါ စစ်ယာဉ်တန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ထားပြီး မော်ဟဲ၊ မော်ဟန်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
စားနပ်ရိက္ခာများ ဒေသခံများထံထောက်ပံ့မည့် ယာဉ်တန်းဟု စစ်တပ်ကသတင်းလွှင့်သော်လည်း စစ်ကူနှင့် ခဲယမ်းအများစုတင်ဆောင်လာပြီး သံချပ်ကာယာဉ်များပါ စောင့်ကြပ်၍ မေ ၂၂က မန္တလေးမှ ထွက်ခွာလာကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေ ၁၂ရက်နေ့ကလည်း မန္တလေး- မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဟု ကြေညာချက်ထုတ်ကာ မတ္တရာ၊ စဉ့်ကူး၊ တကောင်း၊ ကသာ၊ အင်းတော်၊ နဘား၊ မော်လူး၊ နန့်စီးအောင်တို့ကို ဖြတ်ကျော်ပြီး မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို စစ်တပ်၏ ယာဉ်အစီး ၃၀၀ ကျော်ပါ စစ်ယာဉ်တန်းဝင်ရောက်မှုရှိသည်။
စစ်တပ်က စစ်ကိုင်း၊ ကချင်အစပ်နယ်မြေများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး မြေပြင်စစ်ကြောင်းအတွက် အင်အားများတိုးချဲ့ပို့ဆောင်နေပြီး ရေကြောင်းမှ စစ်ကူပို့ရန်ပါ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- MOI
ပုံစာ- မေ ၃၁ ရက်က မြစ်ကြီးနားသို့ဝင်ရောက်သည့် ရွေးတုတပ်ကားများ