ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
လက်ရှိဖြစ်ပွားနေတဲ့ ဒေသတွင်းစစ်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အီရန်ကို လက်နက်တွေ ထောက်ပံ့ တာမျိုး မရှိဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ကတိပေးခဲ့တယ်လို့ အိမ်ဖြူ တော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
“ဒီစစ်ပွဲတစ်လျှောက်လုံးမှာ အီရန်ကို လက်နက်တွေ မထောက်ပံ့ပါဘူးလို့ သမ္မတ ရှီကျင့်ဖျင်က သမ္မတ ဒေါ်နယ်ထရမ့်ကို အသေအချာ ကတိပေးခဲ့ပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆင့်နဲ့အ တူ သတင်းထောက်တွေကို တွေ့ဆုံချိန်မှာ သူက ပြောဆိုခဲ့တာပါ။
ဘဏ္ဍာရေးဝန်ကြီး ဘစ်ဆင့်က တရုတ်ဟာ အီရန်ဆီကနေ ရေနံတွေကို အမြောက်အမြား ဝယ်ယူ နေတာကြောင့် အီရန်အတွက် အဓိက အရေးပါတဲ့ နိုင်ငံဖြစ်နေတယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။
“အီရန်ရဲ့ ရေနံ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ဝယ်ယူနေတာဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ၈ ရာခိုင်နှုန်းလောက် ရှိပါတယ်” လို့ ဘစ်ဆင့်က ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားအနီးမှာ ပိတ်ဆို့မှုလုပ်လိုက်တာကြောင့် တရုတ်က အီရန်မှ ရေနံဝယ်ယူ နေတာတွေကို ယာယီ ရပ်တန့်သွားစေနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အီရန်နဲ့ ဆက်နွှယ်နေတဲ့ တရုတ်ဘဏ်ကြီး နှစ်ခုကိုလည်း အမေရိကန်က သတိပေးစာ ပို့ထား တယ်လို့ သိရပါတယ်။
အဲဒီဘဏ်တွေရဲ့ အမည်ကို ထုတ်မပြောပေမဲ့ အကယ်၍ အီရန်ရဲ့ ငွေကြေးတွေဟာ အဆိုပါဘဏ် အကောင့်တွေထဲ စီးဆင်းနေတယ်ဆိုတာကို အမေရိကန်က သက်သေပြနိုင်ရင် ဒုတိယအဆင့် ပိတ်ဆို့အ ရေးယူမှုတွေ လုပ်ဖို့ အဆင်သင့်ပဲလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ကိုးကား – Anadolu
Ref; China’s Xi assured Trump of no weapons support to Iran: White House