ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ဇန်နဝါရီ ၂၃ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကုချာကျေးရွာတွင် စိတ်ဝေဒနာ ခံစားနေရသော အိမ်ထောင်ဦးစီး တစ်ဦးက အိပ်ပျော်နေသည့် ဇနီးနှင့် သမီးဖြစ်သူတို့ကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိကိုယ် ကိုယ်ပါ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးကျဲအိုနှင်းထန် (Pu Ceu Hnin Thang) အသက် (၃၃) နှစ်အရွယ်သည် ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်၊ ည ၁၁ နာရီခန့်က အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်နီကျဲရ်နှမ် (၃၄) နှစ် နှင့် သမီးဖြစ်သူ ပါအီယန်း (၁၂) နှစ်အရွယ် တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူကို ဆေးရုံသို့ ချက်ချင်း ပို့ဆောင်သော်လည်း ရရှိထားသည့် ဒဏ်ရာများဖြင့် လမ်းခုလတ်တွင် ထပ်မံ သေဆုံးခဲ့ရသည်။
“ဦးကျဲအိုနှင်းထန်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ကာလမှာ စတင်ပြီး စိတ်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသူပါ။ တစ်စုံတစ်ဦးက သူကို သတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး စိတ်စွဲလွဲမှားမှုတွေကြောင့် သေနတ်ကို အမြဲဆောင်ထားခဲ့တာပါ။ တကယ်တော့ သူက မိသားစုအပေါ် အလွန်ချစ်ခင်တွယ်တာသူ ဖြစ်ပါတယ်”ဟု ထန်တလန်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဦးကျဲအိုနှင်းထန်၏ စိတ်ကျန်းမာရေး အခြေအနေသည် ယခင်ကထက် တစ်နေ့ထက်တစ်နေ ပိုမိုဆိုးရွား လာသောကြောင့် ကျေးရွာဆွေမျိုးများနှင့် မိသားစုဝင်များက ၎င်းကို ညစဉ်မပြတ် အနီးကပ် စောင့်ရှောက်ပေးခဲ့ရကြောင်း သိရသည်။
“သေနတ်ကို သိမ်းဆည်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဓားနဲ့ ပြန် ခုတ်ဖို့ခြိမ်းခြောက်တတ်တာကြောင့် ဘယ်သူ့ကမှ သူ့ရဲ့ သေနတ် မသိမ်းနိုင်ခဲ့ဘူး။ အဲဒါကြောင့် အခုလိုဖြစ်သွားရတာပါ”ဟု ထန်တလန်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားရှိလူများက ချက်ချင်းဝင်ရောက်၍ သေနတ်ကို လုယူရန် ကြိုး စားခဲ့သော်လည်း ဦးကျဲအိုနှင်းထန်သည် သေနတ်မောင်းတံကို ခြေမဖြင့်နင်းကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
ယခုအခါ ကွယ်လွန်သွားသည့် မိသားစုဝင် သုံး ဦးစလုံး၏ ရုပ်အလောင်းများကို ယနေ့ ဇန်နဝါရီလ ၂၃ ရက် ညနေ ၃ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။
ပုံစာ-သေဆုံးသူမိသားစု။