နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

စစ်ကော်မရှင်က ကျင်းပသည့် တစ်ဖတ်သတ် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အပြီး ထုတ်ပြန်လာသည့် ရလဒ်များအရ ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) က ကြိုတင်မဲများ သာလွန်မှုဖြင့် အမတ်နေရာ ၁၆၇ နေရာအထိ အနိုင်ရရှိထားကြောင်း သိရသည်။

အဆိုပါ အရေအတွက်သည် ပါတီတစ်ခုတည်းက အစိုးရဖွဲ့ခြင်းနှင့် သမ္မတရွေးချယ် တင်မြှောက်နိုင်ခြင်းတို့အတွက် သတ်မှတ်ထားသည့် ရာခိုင်နှုန်းသို့ နီးကပ်လာနေပြီဖြစ်ပြီး ယင်းအတွက် စစ်ကော် မရှင်က ကြိုတင်စီမံ ပြင်ဆင်ထားခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်သည်။

စစ်ကော်မရှင်၏အတုအယောင် ရွေးကောက်ပွဲများကို လူထုက လက်မခံသဖြင့် မဲပေးသူ အလွန်နည်းပါးခဲ့သော်လည်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် အပိုင်း (၂) အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်စာရင်းကို ယမန်နေ့ာဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်သည့် မြို့နယ် ၁၀၀ အနက် ၅၂ မြို့နယ်အတွက် ထုတ်ပြန်ချက်တွင် ကြံ့ခိုင်ရေးပါတီက ဒုဥက္ကဋ္ဌအပါအဝင် ပြည်သူ့လွှတ်တော်အမတ် ၄၄ နေရာအထိ အနိုင်ရခဲ့သည်။

ထို့အပြင် ပြိုင်ဘက်မရှိသည့် မြို့နယ် ခြောက် မြို့နယ်တွင်လည်း ကြံ့ခိုင်ရေးပါတီကပင် အလို အလျောက် အနိုင်ရထားကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန် ချက်အရ သိရသည်။

ထို့ကြောင့် လက်ရှိစာရင်းများအရ ကြံ့ခိုင်ရေးပါတီသည် ပြည်သူ့လွှတ်တော် နေရာ ၁၄၆ နေရာနှင့် အမျိုးသားလွှတ်တော် ၂၁ နေရာ၊ စုစုပေါင်း ၁၆၇ နေရာအထိ အနိုင်ရရှိထားပြီဖြစ်သည်။

စစ်ကော်မရှင်သည် နိုင်ငံ့ခေါင်းဆောင်များနှင့် NLD အပါအဝင် အတိုက်အခံ ပါတီများကို မတရားဖမ်းဆီးထားကာ ပါတီများဖျက်သိမ်းပြီးနောက် ယင်းရွေးကောက်ပွဲများကို အပိုင်းသုံးပိုင်းခွဲ၍ ပြုလုပ်နေခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ ရှိသော်လည်း စစ်ကော်မရှင်က အပိုင်း (၁) (၂) (၃) အားလုံးကို မြို့နယ်ပေါင်း ၂၆၅ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များနှင့် ပေါင်းပါက စုစုပေါင်း ၅၈၈ ဦး ရှိမည်ဖြစ်သည်။ ထိုအထဲမှ ထက်ဝက်ကျော်ဖြစ်သော မဲ ၂၉၅ မဲ ရရှိသူသည် သမ္မတ ဖြစ်လာမည်ဖြစ်သည်။

လက်ရှိတွင် ကြံ့ခိုင်ရေးပါတီက ၁၆၇ ဦးအထိ အနိုင်ရထားသဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးနှင့် ပေါင်းစပ်ပါက စုစုပေါင်း ၃၃၃ မဲအထိ ရရှိနိုင်သောကြောင့် စစ်ကော်မရှင် စိတ်ကြိုက် သမ္မတရွေးချယ်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

ဓာတ်ပုံ – USDP