ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ အလုပ်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၂ ဦးအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၃ သန်းနီးပါး ရရှိစေရန် MHAC မဟာမိတ် အဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မဲဆောက်မြို့၊ မယ်ကုရပ်ကွက်ရှိ အလုပ်ရုံတစ်ခုတွင် အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာလုပ်သားများ အတွက် ဥပဒေနှင့်အညီ ထိုက်သင့်သည့် နစ်နာကြေးများရရှိရန် ထိုင်းအစိုးရ အလုပ်သမားကာကွယ် စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးဌာန တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်။

“မဲဆောက်လို နေရာမျိုးမှာ အလုပ်သမားတွေ ဒီလိုနစ်နာကြေးကို ဘတ် ၃ သန်းနီးပါး ထိုက်ထိုက် တန်တန် ရတာမျိုးက မရှိသလောက်ကို ရှားပါတယ်။ ထိုင်းအာဏာပိုင်တွေကလည်း ပူးပေါင်းဆောင်ရွက် လာတယ်။ ကျွန်တော်တို့ဘက်ကလည်း အလုပ်သမားတွေ နစ်နာနေမှုတွေကို ထိုင်းအာဏာပိုင်တွေ ကြားမှာ ထိထိရောက်ရောက် တင်ပြနိုင်ခဲ့လို့ပါ” ဟု AAC ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နစ်နာကြေး ရရှိမှုတွင် လုပ်သက်နည်းသည့် အလုပ်သမားများမှာ ဘတ် ၅၀,၀၀၀ ဝန်းကျင်အထိ ရရှိခဲ့ပြီး လုပ်သက်ရင့် အလုပ်သမားများမှာ ဘတ် ၈၀,၀၀၀ ဝန်းကျင်အထိ ရရှိခဲ့ကြောင်း သိရသည်။ အလုပ်ဖြုတ်ခံရသူများထဲတွင် နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာကြသူ များလည်း ပါဝင်သည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်တွင် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၇ ဦးအတွက် နစ်နာကြေး ဘတ် ၄ သိန်းနီးပါး ရရှိရန် MHAC မဟာမိတ်အဖွဲ့က ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကိုရဲမင်း