ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး (ICJ) တွင် ကြာသပတေးနေ့က ဆက်လက်ကြားနာခဲ့သည်။
ထိုသို့ကြားနာရာတွင် မြန်မာစစ်ဘက်အရာရှိများသည် အမုန်းစကားများမှတစ်ဆင့် အကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့ပြီး ရိုဟင်ဂျာများကို လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် တိရစ္ဆာန်အမည်ဖြင့် နှိုင်းယှဉ်၍ “မူဆလင်-ခေ များ” (Muslim Dogs) ဟု သုံးနှုန်းခေါ်ဆိုခဲ့ကြောင်း ဂမ်ဘီယာရှေ့နေအဖွဲ့က ထွက်ဆို ခဲ့သည်။
ဂမ်ဘီယာရှေ့နေအဖွဲ့မှ ဂျက်စီကာဂျုံးစ်က ရိုဟင်ဂျာများသည် မြန်မာစစ်တပ်အရာရှိများ၏ အသရေ ဖျက်မှုနှင့် အမုန်းတရားပြောဆိုချက်များကို မည်သို့ရင်ဆိုင်ခဲ့ရသည်ကို မီးမောင်းထိုးပြခဲ့သည်။
ဂျက်စီကာက ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း Facebook တွင် တင်ခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို သက် သေအဖြစ် ရည်ညွှန်းခဲ့ရာ အဆိုပါဖိုင်တွင် မြန်မာစစ်သားတစ်ဦးက ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု အကြမ်းဖက်မှုကို ဗြောင်ကျကျ အားပေးအားမြှောက်ပြုနေသည်ကို တွေ့ရသည်။
“အဲဒီတိရစ္ဆာန်တွေ နေထိုင်တဲ့ရွာတွေကို ကျွန်တော်တို့ ရှင်းလင်းပစ်မယ်။ ကျွန်တော်တို့မှာ သေနတ်တွေ၊ ကျည်ဆန်တွေရှိတယ်။ အဲဒီတိရစ္ဆာန်တွေကို တိုက်ခိုက်ဖို့ စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ ဒီကို ရောက်လာတာပါ။ ဓားကိုင်နိုင်ရင် ဓားကိုင်၊ တုတ်ကိုင်နိုင်ရင် တုတ်ကိုင်၊ တတ်နိုင်သမျှ ကိုင်ဆောင်ပြီး ဒီတိရစ္ဆာန်တွေကို ရဲရင့်စွာ ရင်ဆိုင်ပါ” ဟု မြန်မာစစ်သားက အဆိုပါရုပ်သံဖိုင်တွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လုပ်ရပ်များသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ တာဝန်ဝတ္တရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂျက်စီကာက ဆိုသည်။
မွတ်စလင်အများစု နေထိုင်ရာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ အမျိုးသမီး များနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၀,၀၀၀ ခန့်ကို သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်း စသည့် ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇိုက်ရာအက်အယ်လ်ဟူစိန်က ယင်းအကြမ်းဖက်မှုကို “လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှု၏ ပြဋ္ဌာန်းစာအုပ် ဥပမာ” ဟု ဖော်ပြခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
၂၀၂၀ ခုနှစ်တွင် ICJ က မြန်မာနိုင်ငံအား ၎င်း၏လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေဖို့နှင့် ရိုဟင်ဂျာ များအတွက် လျော်ကြေးငွေရရှိဖို့ ကြိုးပမ်းနေသည့် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်အရ မြန်မာ နိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှု လုပ်ရပ်များ ရပ်တန့်ရန် အမိန့်ပေးခဲ့သည်။
ယခု လာမည့်အပတ် ICJ ကြားနာပွဲတွင် ၎င်းတို့၏ ဇနီးမယားနှင့် ကလေးငယ်များ သတ်ဖြတ်ခံရမှုကို မျက်မြင်တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ သက်သေသုံးဦးက ကိုယ်တိုင်လာရောက် သက်သေထွက်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား – https://news.un.org/
Ref; Myanmar’s Rohingya people called ‘Muslim dogs’ before attacks, ICJ hears