ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁၉ ရက်)

“အာရောဂျံ ပရမံ လာဘံ” အနာရောဂါကင်းရှင်း ကျန်းမာခြင်းသည် မြတ်သောဆုလာဘ် ဖြစ်တယ် ဆိုတာကို လူတိုင်းသိကြပါတယ်။

ကျန်းမာခြင်းရဲ့ တန်ဖိုးကို နားလည်သူတိုင်းဟာ ကိုယ်တိုင်ကျန်းမာဖို့ကို အမြဲ ပြုမူကျင့်ကြံ နေထိုင်နေကြတာပါပဲ။ ယနေ့ခေတ် အခြေအနေမှာတော့ ကျန်းမာရေး ဆေးစစ်တယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ကျန်းမာရေးကို အလေးထားသူတိုင်းက (Regular Medical Check Up) ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကို အချိန်မှန်မှန် ပြုလုပ်လာကြပါပြီ။

ဒါပေမဲ့ ဆေးပညာနဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းလည်း ဖွံ့ဖြိုးလာပြီး ဆေးစစ်ခြင်းကို လုပ်ငန်းတစ်ခုလို ဆေးရုံတွေ ဓာတ်ခွဲခန်းတွေက အပြိုင်အဆိုင် ကြော်ငြာလာကြတဲ့အခါမှာတော့ ဆေးစစ်ခြင်းနဲ့ ပတ်သက်ပြီး သိထားဖို့၊ သဘောပေါက် နားလည်ထားဖို့ တကယ်ကို လိုအပ်ပါတယ်။

🔳ဘာကြောင့် Medical Check Up လုပ်သင့်တာလဲ။

ပုံမှန်ကျန်းမာရေး စစ်ဆေးတဲ့ အကျင့်ရှိနေသူကို ဆရာဝန်တစ်ယောက်အနေနဲ့ တကယ်ပဲ အားပေး ချီးမွမ်းချင်ပါတယ်။ ဆေးစစ်တာကြောင့် ရောဂါများကို စောစောစီးစီး ရှာဖွေတွေ့ရှိနိုင်တယ်။ ရောဂါ ကာကွယ်ဖို့ ပိုကျန်းမာဖို့ လုပ်ဆောင်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ကုန်ကျစရိတ်တွေကိုလည်း သက်သာစေပြီး နာတာရှည်ရောဂါများကို ထိန်းချုပ်ရာမှာလည်း အလွန်ပဲ အကျိုးရှိစေပါတယ်။

🔳ရောဂါနုစဉ် ရှာဖွေတွေ့ရှိခြင်း (Early Detection of Diseases)

နှလုံးရောဂါ၊ ဆီးချို (Diabetes)၊ သွေးတိုး (Hypertension) နဲ့ ကင်ဆာရောဂါလို နာတာရှည်ရောဂါ တွေက စတင်ဖြစ်ပွားချိန် ကနဦးအခြေအနေမှာ ထင်ရှားတဲ့လက္ခဏာတွေ မပြတတ်ပါဘူး။ Medical Check Up လုပ်တော့မှပဲ ရောဂါလက္ခဏာ မပေါ်ခင် အစောပိုင်းအဆင့်ကို ရောဂါနုစဉ် ရှာဖွေတွေ့ရှိ သွားတာမျိုးပါ။ စောစောသိတော့ ကုသမှုခံယူဖို့ အခွင့်အလမ်း ပိုများပြီး၊ ကုသမှုအောင်မြင်နိုင်ခြေလည်း ပိုများပါတယ်။ အချို့ရောဂါတွေကိုလည်း ရောဂါနောက်ဆက်တွဲပြဿနာတွေကြောင့် ခန္ဓာကိုယ် မထိခိုက်ခင်မှာ ကုသနိုင်ခဲ့မှာ ဖြစ်ပါတယ်။

🔳ရောဂါကာကွယ်ခြင်းနှင့် ကျန်းမာမှု မြှင့်တင်ခြင်း (Prevention and Health Promotion)

ဆေးစစ်ပြီး ရတဲ့အဖြေတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ဒါမှသာ နေထိုင်မှုပုံစံ၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးလိပ်အရက်သောက်အလေ့အထနဲ့ မျိုးရိုးဆက်ခံရောဂါတွေကိုပါ ဆရာဝန်က ဆွေးနွေးပေးမှာပါ။ ဖြစ်လာနိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေကို ကြိုတင်သိရှိပြီး ပြင်ဆင် ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း ဆရာဝန်က ရှင်းပြပေးပါတယ်။ ဥပမာ- ကာကွယ်ဆေးထိုးခြင်း၊ ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း တို့က ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ရောဂါကြောင့် ကိုယ်လက်အင်္ဂါတွေ ထိခိုက်ပျက်စီးသွားမယ့်အချိန်ကို ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြိုတင် ကာကွယ်တာက ရောဂါဖြစ်ပြီးမှ ကုသတာထက် ပိုကောင်းပြီး ထိရောက်မှုရှိတယ်လို့ ဆိုချင်ပါတယ်။

🔳ကျန်းမာရေးကြောင့် ကုန်ကျမယ့်စရိတ် သက်သာစေခြင်း (Reduced Healthcare Costs)

အစောပိုင်းအဆင့်မှာကတည်းက ရောဂါကို ရှာဖွေကုသလိုက်တာက ရောဂါအခြေအနေဆိုးရွားတဲ့အခါမှ စကုသတာထက် ကုန်ကျစရိတ် အများကြီး သက်သာစေပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ၊ ဆေးရုံတင်ကုသစရိတ်နဲ့ စျေးကြီးပြီး ခက်ခဲရှုပ်ထွေးတဲ့ ကုသမှုတွေကို ရှောင်ရှားပြီးသား ဖြစ်စေတယ်။ အလွယ်ပြောရရင်တော့ “အပ်နဲ့ထွင်း ရမဲ့အမှုကိစ္စကို ပုစိန်နဲ့ပေါက်” ရတဲ့ အဖြစ်မျိုး မဖြစ်အောင် ကာကွယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

🔳နာတာရှည်ရောဂါကို ထိရောက်စွာ စီမံခန့်ခွဲခြင်း (Managing Chronic Conditions)

ဆီးချို၊ သွေးတိုး ကဲ့သို့သော နာတာရှည်ရောဂါရှိသူများအတွက် ပုံမှန်စစ်ဆေးခြင်းဟာ မရှိမဖြစ်လိုအပ် ပါတယ်။ လက်ရှိကုသမှုရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ကိုယ်အင်္ဂါပျက်စီးခြင်းနှုန်းကို စောင့်ကြည့်တွက်ချက်ပြီး လိုအပ်တဲ့ ဆေးပမာဏ ၊ လိုအပ်တဲ့ ကုထုံးတွေကို အချိန်နှင့်တပြေးညီ ချိန်ညှိဖို့အတွက် ဆေးစစ်ခြင်းဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေပါတယ်။

🔳ဆေးစစ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးနှင့် စိန်ခေါ်မှုများ

ပုံမှန်ဆေးစစ်ခြင်းဟာ အကျိုးကျေးဇူးများစွာရှိပေမယ့် စိတ်ချလို့မရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ တွေလည်းရှိနေပါတယ်။

🔳ရောဂါအဖြစ် မှားယွင်းဖော်ပြခြင်း(False Positive Results)

စစ်ဆေးမှုအချို့က ကျန်းမာနေတဲ့သူကို ရောဂါရှိတယ်လို့ မှားယွင်းဖော်ပြတတ်ပါတယ်။ အဲ့ဒီလို အခြေအနေကြောင့် မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒါတွေအပြင် ရောဂါဟုတ်မဟုတ် အတိအကျသိရှိဖို့အတွက် နောက်ဆက်တွဲ စစ်ဆေးကုသမှုဖြစ်တဲ့ ဥပမာ- အသားစယူစစ်ဆေးခြင်းလိုမျိုး ထပ်မံပြုလုပ်ရခြင်းကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းကာ ငွေကုန်ကြေးကျ များပြားနိုင်ပါတယ်။

🔳တကယ်ရှိနေတဲ့ ရောဂါကို မတွေ့ရှိခြင်း (False Negative Results)

အချို့စစ်ဆေးမှုများက ရောဂါတကယ်ရှိနေပေမယ့် မရှိဟု မှားယွင်းဖော်ပြတတ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ရောဂါရှာဖွေတွေ့ရှိမှု နောက်ကျသွားနိုင်ပါတယ်။ ကုသမှုလမ်းလွဲသွားနိုင်ပါတယ်။ လူနာက မိမိကိုယ်ကိုကျန်းမာတယ်လို့ ထင်မှတ်ပြီး ရောဂါလက္ခဏာတွေကို လျစ်လျူရှုမိသွား တာကြောင့် ရောဂါပြင်းထန်ရပါတယ်။

🔳လွန်ကဲတဲ့စစ်ဆေးကုသမှု (Over-diagnosis and Over-treatment)

စစ်ဆေးမှုများမှတစ်ဆင့် တွေ့ရှိရတဲ့ အချို့သော အဖြေတွေဟာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ပေမယ့် လူနာရဲ့ ကျန်းမာရေးကို တစ်သက်တာလုံး ဘာအန္တရာယ်မှ မပေးနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ “ထိုင်နေအကောင်း၊ ထသွားမှ ကျိုးမှန်းသိ” ဆိုတဲ့ မြန်မာစကားပုံလို ယှဉ်တွဲနေထိုင်နေစဉ်က ပြဿနာမရှိပေမယ့် မလိုအပ်ဘဲ ခွဲစိတ်ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ပေးခြင်း စတဲ့ ကုသမှုတွေ ပြုလုပ်လိုက်မှသာ ဘေးထွက်ဆိုးကျိုးတွေ၊ နာကျင်မှုတွေစတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။

🔳ကုန်ကျစရိတ် (Cost)

ဆေးစစ်ပြီး ပုံမှန်မဟုတ်တဲ့အဖြေတစ်ခုခုတွေ့ရှိပါကအခြေခံစစ်ဆေးမှုထက် ကျော်လွန်တဲ့ (ခန္ဓာကိုယ် တစ်ခုလုံးကို CT, MRI ရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်း ၊ အူမှန်ပြောင်းကြည့်ခြင်း ၊ ၂၄နာရီ နှလုံးစည်းချက် မှတ်တမ်းတင်ခြင်း စတဲ့ ) အထူးစစ်ဆေးမှုတွေ ကို ပြုလုပ်ပါက ကုန်ကျစရိတ်များစွာ ရှိနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေး ဆေးစစ်ခြင်း Medical Check Up ဆိုတာ သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ သို့သော် စစ်ဆေးမှုများကို ရွေးချယ်ရာတွင် အလုပ် အကိုင်း၊ အသက်အရွယ်၊ ကျား/မ၊ မျိုးရိုးဆက်ခံရောဂါများ နှင့် ဖြစ်နိုင်ချေများတဲ့အခြေအနေ (Risk Factors) ပေါ်တွင် မူတည်ပြီး သင့်တော်တဲ့ စစ်ဆေးမှုကို ဆရာဝန် တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်။

စစ်ဆေးမှုရလဒ်တွေကို ဆရာဝန်နှင့် အဖြေဖတ်ရှုပြီး အကြံဉာဏ်ပေး ညွှန်ကြားတဲ့အတိုင်း ပြုပြင်ပြောင်းလဲနေထိုင်ရပါမယ်။ ကိုယ့်ကျန်းမာရေးအခြေအနေကို ဆရာဝန်ထံမှာ သေ‌သေချာချာ သဘောပေါက် နားလည်‌အောင် မေးပါ။မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ လွန်လွန်ကဲကဲ ကုသမှုများကိုပါ ရရှောင်ရှားပါ။ ဆေးစစ်ပြီးကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ “မျှဝေမသုံးသင့်တဲ့ တကိုယ်ရည်သုံးပစ္စည်းများ ” ဆောင်းပါးကိုဖော်ပြ ပြီးမှဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံးစိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။